အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ မကြာခင်မှာ စတင်တော့မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် ကစားသမား ၂၆ယောက် ပါဝင်တဲ့ အပြီးသတ် လူစာရင်းကို မနေ့က တရားဝင် ထုတ်ပြန်ကြေညာသွားခဲ့ပြီး ၊ တော့တင်ဟမ် ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်ဟာ ထိုစာရင်းနဲ့ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ် ။

ချဲလ်ဆီးနဲ့ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကတော့ မက်ဒီဆင်ကို ယူရိုသို့ ခေါ်မသွားဖို့ ဆောက်ဂိတ်ဟာ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရမယ်လို့ ယူဆကြောင်းနဲ့ ၎င်းကိုယ်တိုင်လည်း ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန် လက်ရွေးစင် အသင်းမှာ အရွေးမခံခဲ့ရလို့ ၊ မက်ဒီဆင်ဖက်မှ စာနာနားလည်ပေးကြောင်း မှတ်ချက်ပြုခဲ့ပါတယ် ။
Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ လမ်းပတ် က ” မက်ဒီဆင်ဟာ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်ပေမယ့် ၊ ဒါက ဂါရတ် ဆောက်ဂိတ် အတွက် ပုစ္ဆာကောင်း တပုဒ် ဖြစ်နေခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် သူဟာ ယူရို ပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ လူစာရင်းကို ကြိုးစားပြီး ရွေးခဲ့ရတာပါ ။ ဒီတော့ ဒါက မလွယ်ခဲ့လောက်ပါဘူး ။ ”
” ကျွန်တော်ဟာ ဂါရတ်ရဲ့ အမာခံ ပရိသတ် တယောက်ပါ ။ ဒီပြိုင်ပွဲက ခက်ခဲပါတယ် ။ တစုံတယောက်က ဒီမက်ဆေ့ချ်ကို ပေးရတော့မယ်ဆိုရင် အဲဒီလူက ဂါရတ်ပဲ ဖြစ်လိမ့်မယ် ဆိုတာ ကျွန်တော် သိပါတယ် ။ လွန်ခဲ့တဲ့ နှစ်များစွာတုန်းကလည်း ကျွန်တော်ဟာ တခြားတဖက် ( ဂျိမ်းစ်မက်ဒီဆင် နေရာ ) မှာ ရှိခဲ့ဖူးပါတယ် ။ ”

” ဆဗန် ဂေါ်ရန် အဲရစ်ဆင်က ၂၀၀၂ ကမ္ဘာ့ဖလားဆီ ကျွန်တော့ကို မခေါ်ဆောင်တော့ဘူးလို့ ဖုန်းဆက် အသိပေးတုန်းကပါ ။ အဲဒီတုန်းက ကျွန်တော်ဟာ အသက် အရမ်းငယ်သေးတဲ့ ကစားသမား တယောက် ဖြစ်ခဲ့တာမို့ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို နားလည်ပေးခဲ့သလို ၊ လေးစားမှုလည်း ထားခဲ့ပါတယ် ။ ”
” သူ ( အဲရစ်ဆင် ) လည်း ဒီမက်ဆေ့ချ်ကို ကောင်းကောင်းပေးနိုင်ခဲ့ပါတယ် ။ ကံမကောင်းစွာနဲ့ ဒီလို အခြေအနေမျိုး ဒါတွေက ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ယူရို ၂၀၂၀ တုန်းက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ အင်္ဂလန်ဟာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ၊ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပါတယ် ။
ဒီတကြိမ်မှာလည်း အင်္ဂလန်ဟာ နာမည်ကြီး ပြင်သစ် ၊ ပေါ်တူဂီ ၊ စပိန် အစရှိတဲ့ အင်အားကြီး အသင်းတွေနဲ့ အပြိုင် ဗိုလ်စွဲဖို့ ရေပန်းစားနေတာကို တွေ့ရပါတယ် ။ အင်္ဂလန်ရဲ့ ဒီတခါ ယူရိုမှာ ဗိုလ်စွဲနိုင်ခြေနဲ့ ပတ်သက်ကာ လမ်းပတ်က အခုလိုပဲ ဆက်လက် သုံးသပ်ခန့်မှန်းသွားပါတယ် ။
လမ်းပတ် က ” သူတို့ အောင်အောင်မြင်မြင် စွမ်းဆောင်ပြလာနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ နားထောင်ပါ ၊ သူတို့ဟာ ကြီးကျယ်တဲ့ ကစားသမားစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ၊ ဒီလို ပြောရတာက အရမ်း ရိုးရှင်းလွန်းပါတယ် ။ ”
” အများကြီး ကြိုးစားရမယ့် အရာတွေ ရှိနေပါတယ် ။ ရှည်လျားတဲ့ ဘောလုံးရာသီ တခု အပြီး ကစားသမား တဦးချင်းကို တစုတစည်းတည်း ဖြစ်အောင် လုပ်ပေးဖို့ ၊ အသေးစိတ် အချက်အလက်တွေက အစ မှန်မှန်ကန်ကန် ဖြစ်စေဖို့ပေါ့ ။ ဂါရတ် ၊ စတိဗ် ( ဟော်လန် ) နဲ့ သူ့အဖွဲ့ဟာ အခုအချိန်အထိ အံ့သြဖွယ် စွမ်းဆောင်ထားပါတယ် ။ ”
” ဒီတော့ ကျွန်တော်တို့ဟာ တကယ်ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ် ။ ဒါပေမယ့် အဆင့် မြင့်မားတဲ့ ပြိုင်ပွဲက ရှုံးထွက်အဆင့်တွေဟာ အတော်လေး ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ယုံကြည်မှု ပြည့်နေကြတာကြောင့် ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






