အသင်း၏ ခံစစ်မှူးမာတီနက်ဇ်သည် ခြေချောင်းရိုးကျိုးသည့်ဒဏ်ရာကြောင့် လက်ကျန်ဘောလုံးရာသီတွင် ကစားနိုင်တော့မည်မဟုတ်ကြောင်း မန်ယူအသင်းက တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ မန်ယူနှင့် ဆီဗီလာကစားသောပွဲစဉ် ဒုတိယပိုင်းတွင် မာတီနက်ဇ်သည် အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။
မာတီနက်ဇ်ဒဏ်ရာရရှိသွားချိန်တွင် တန်းဟက်သည် ကစားသမား ၅ ဦးစလုံးလူစားလဲပြီးပြီ ဖြစ်သောကြောင့် လက်ကျန်ပွဲချိန်ကို မန်ယူသည် ကစားသမား ၁၀ ဦးတည်းဖြင့်သာ ကစားခဲ့ရသည်။ ဆီဗီလာသည် ထိုအချိန်အတွင်း အခွင့်အရေးယူပြီး ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သည်။

မာတီနက်ဇ်သည် ခြေချောင်းရိုးကျိုးသည့် ဒဏ်ရာကို ရရှိခဲ့ပြီး လက်ရှိရာသီ၏ လက်ကျန်ပွဲစဉ်များတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း လာမည့်ဘောလုံးရာသီမစတင်မီတွင် မာတီနက်ဇ်သည် ဘောလုံးပြန်ကစားနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က မန်ယူအသင်းက တရားဝင်သတင်းထုတ်ပြန်ကြေညာသည်။
ဆီဗီလာနှင့်ကစားသည့်ပွဲတွင် မာတီနက်ဇ်အပြင် ၎င်း၏ခံစစ်အတွဲဖြစ်သော ဗာရန်းလည်း ဒဏ်ရာရရှိခဲ့သည်။ ဗာရန်းသည် ပွဲကစားစဉ် ထိခိုက်မိခြင်းကြောင့် ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရပြီး သီတင်းပတ်အနည်းငယ်အနားယူရမည်ဖြစ်ကြောင်းလည်း မန်ယူအသင်းက ထုတ်ပြန်ကြေညာသည်။

ဗာရန်းနှင့် မာတီနက်ဇ်တို့သည် မန်ယူ၏ ပထမဦးစားပေး ခံစစ်အတွဲဖြစ်ပြီး ပရီးမီးယားလိဂ် ၂၉ ပွဲတွင် ၁၆ ပွဲ၌ တွဲဖက်ကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်။ မန်ယူသည် တနင်္ဂနွေနေ့တွင် အဆင့် ၄ အတွင်းဝင်ရေး အရေးကြီးသည့်ပွဲစဉ်ဖြစ်သော ဖောရက်စ်နှင့်ပွဲစဉ်ကို ကစားရန်ရှိသလို လာမည့်ကြာသပတေးနေ့တွင် စပိန်မြေ၌ ဆီဗီလာနှင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကစားရန်လည်းရှိနေသည်။ ထို့ကြောင့် အရေးကြီးသည့်ပွဲစဉ်များတွင် ဗာရန်းနှင့်မာတီနက်ဇ်တို့မပါဝင်နိုင်ခြင်းသည် မန်ယူအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာနိုင်ကြောင်းမီဒီယာများက သုံးသပ်ဖော်ပြသည်။ တန်းဟက်သည် ဗာရန်းနှင့် မာတီနက်ဇ်မပါဝင်နိုင်တော့သဖြင့် မက်ဂွိုင်းယားနှင့် လင်ဒီလော့ဖ်တို့ ခံစစ်အတွဲကို ပြန်သုံးရဖွယ်ရှိနေသည်။ မန်ယူတွင် လက်ရှိရာသီ၌ အသင်းအတွက် ဂိုးအများဆုံးသွင်း ထားသော ရက်ရှ်ဖို့က ပေါင်ကြွက်သားဒဏ်ရာရရှိနေသလို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်သည်လည်း လာမည့်ကြာသပတေးနေ့ ဆီဗီလာနှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်ကစားနိုင်မည်မဟုတ်ချေ။







