ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမားသစ် အနည်းငယ်သာ အားဖြည့်ပြီး ၊ အနာဂတ် မသေချာတော့တဲ့ ကစားသမား အများအပြားကို သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ထုတ်ရောက်ဖို့ ကြိုးစားသွားဖို့ ရှိပါတယ် ။
ခြင်္သေ့ပြာတို့ရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေသူတွေ အထဲမှာ အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ပူလီဆစ်ဟာ ဒီရာသီမှာ ရောက်လာသမျှ နှစ်တွေထဲ ပွဲအနည်းဆုံး ပါဝင်ခဲ့ရတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်း တသင်းကို ရှာဖွေစောင့်ကြည့်နေမှာ သေချာပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်အတွင်း ရှက်တာဒိုးနက်စ်ကနေ ရောက်လာတဲ့ မစ်ခ်ဟိုင်းလို မူဒရစ် ၊ ပီအက်စ်ဗွီကနေ ရောက်လာတဲ့ နွန်နီ မက်ဒူးကီတို့ကြောင့် အနာဂတ် ပိုမှေးမှိန်လာတဲ့ အတွက် ပူလီဆစ် အတွက် ချဲလ်ဆီးမှာ နေရာရဖို့ အခွင့်အလမ်း ပိုနည်းလာပါတယ် ။
လောလောဆယ်မှာ ယူဗင်တပ်စ်က ယင်းအမေရိကန်သား အပေါ် စိတ်ဝင်စားမှု ပြထားပြီး ၊ ချဲလ်ဆီးဖက်ကလည်း သင့်လျော်တဲ့ တန်ကြေး တရပ် ရရင် ရောင်းချဖို့ မီးစိမ်းပြဖွယ် ရှိပါတယ် ။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း မန်ချက်စတာ ယူနိုက်တက်ထံမှ တရာသီ အငှားနဲ့ ချဉ်းကပ်ခံခဲ့ရပေမယ့် ၊ ကလပ်ဖက်က ၄င်းကို ပြိုင်ဖက် အသင်းဆီ မပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ပူလီဆစ်ဟာ ရောက်ရောက်ချင်း ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီမှာ ခြေစွမ်း အပေါ်လွင်ဆုံး ဖြစ်ခဲ့ပြီး ၊ ထိုနှစ် အက်ဖ်အေဖလား ဖိုင်နယ် နောက်ပိုင်း အကောင်းဆုံး ပုံစံကို ပြန်ရှာမတွေ့တော့ပဲ ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပါတယ် ။
ချဲလ်ဆီးမှာ ယင်းအမေရိကန်သားနဲ့ ၂နှစ်ကြာ အတူတွဲကစားခဲ့ဖူးတဲ့ အေစီမီလန် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကတော့ ပူလီဆစ်ကို မီလန်သို့ ပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်နေပြီး ၊ ၄င်းတို့ ၂ဦး အကြားမှာ ခိုင်မာတဲ့ နားလည်မှု တရပ် ရှိတယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ဂျရူး က ” ဒီက လူတိုင်း ဒါကို နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဥရာပမှာ ကြီးကျယ်တဲ့ နာမည် တခု ဖြစ်ပါတယ် ။ ဒီတော့ သူ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်လို့ ထင်ပါတယ် ။ သူဟာ ကြီးကျယ်တဲ့ စကေးတွေ ၊ ကြီးကျယ်တဲ့ အရည်အချင်းတွေ ရှိတဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ”
” သူဟာ ပျော်ပျော်နေတတ်တဲ့ ချာတိတ် တဦး ဖြစ်ပြီး ၊ အမြဲတမ်း ပြုံးပျော်နေကာ ၊ ကျွန်တော်တို့တွေ ချဲလ်ဆီးမှာတုန်းက မကြာခဏ အတူတကွ ရယ်မောခဲ့ကြပါတယ် ။ ကျွန်တော်တို့ရဲ့ ကွင်းတွင်း နားလည်မှုကလည်း အရမ်းကောင်းပါတယ် ။ ”
” သူဟာ အီဒင် ဟာဇက်နဲ့ ကစားပုံ နည်းနည်းဆင်ပါတယ် ။ ဒါတောင် ကျွန်တော်ဟာ ခရစ်တီယန်နဲ့ အတူ အချိန်ပိုနည်းနည်းသာ ကစားခဲ့တာပါ ။ ကျွန်တော်တို့ဟာ တယောက်ကို တယောက် ဘယ်နားမှာ ရှာတွေ့မလဲ ဆိုတာ သိနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






