Wednesday, January 14, 2026
spot_img
spot_img

ချဲလ်ဆီး စတား တဦးကို သူကစားတဲ့နေရာမှာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာမယ်လို့ ထောက်ခံလိုက်တဲ့ ဆက်ဂ်ညာ

ချဲလ်ဆီး အသင်းဟာ ဒီရာသီ အတွင်း လူငယ် ကြယ်ပွင့် အမြောက်အမြား ထပ်မံ ခေါ်ယူကာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ခဲ့ပေမယ့် ၊ တကယ်တမ်း စရောက်ရောက်ချင်းနှစ်မှာ အားထားရတဲ့ ခြေစွမ်းမျိုး ပြသထားနိုင်တဲ့ ကစားသမား အရေအတွက်က အနည်းငယ်သာ ရှိပါတယ် ။

ထိုအထဲမှာ လိုင်ယွန်ကနေ ပြောင်းရွှေ့လာတဲ့ ပြင်သစ် ယူ၂၁ ညာနောက်ခံလူ မာလို ဂတ်စ်တိုလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဂတ်စ်တိုဟာ ဒီရာသီ အတွင်း မန်စီးတီးက ခေါ်ယူထားတဲ့ ကိုးလ်ပါလ်မာနဲ့ အတူ ချဲလ်ဆီးရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ရနိုင်ပါတယ် ။

အထူးသဖြင့် ကလပ် အသင်းခေါင်းဆောင်လည်းဖြစ် ၊ အားထားရတဲ့ ပထမ ဦးစားပေး ညာနောက်ခံလူလည်း ဖြစ်တဲ့ ရိစ်ဂျိမ်းစ် တယောက် ရာသီစကတည်းက ဒဏ်ရာ ပြဿနာနဲ့ လုံးပန်းနေချိန် ၊ ဂတ်စ်တို တယောက် အခွင့်အရေး ပိုရနေပြီး ၊ ဒါကို မိမိရရ အသုံးချပြထားပါတယ် ။

ဂတ်စ်တိုဟာ ဒီရာသီ အတွင်း ဒဏ်ရာ အသေးစား ရခဲ့တာတော့ ရှိပေမယ့် ၊ ချဲလ်ဆီးခံစစ်မှာ အိတ်ဆဲလ် ဒီဆာဆီ ပြီးရင် ပွဲကစားခွင့် အများဆုံး ရထားတဲ့ နောက်ခံလူ တဦး ဖြစ်ပါတယ် ။ ဒါ့အပြင် ၄င်းရဲ့ လျင်မြန်ဖျတ်လတ်မှု ၊ ဖြတ်တင်ဘောနဲ့ overlap တက်ဆော့ပုံ ကောင်းမွန်မှုတွေကြောင့် အနာဂတ်မှာ ရိစ်ဂျိမ်းစ်ကိုပင် နောက်ကောက်ချလာနိုင်တယ်လို့ ပရိသတ် တချို့ကလည်း ခန့်မှန်းနေကြပါတယ် ။

အာဆင်နယ်နဲ့ မန်စီးတီး ညာနောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာကတော့ ဂတ်စ်တိုဟာ ရိစ်ဂျိမ်းစ်ကို ပွဲထွက်ခွင့် အတွက် ပြိုင်ဖက်ကောင်း အဖြစ် ပြုမူနေကြောင်း ချီးကျူးရင်း ၊ ၄င်းဟာ အနာဂတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်လာနိုင်ကြောင်း အခုလိုပဲ ခန့်မှန်းသွားပါတယ် ။

Paddy Power နဲ့ တွေ့ဆုံရာမှာ ဆက်ဂ်ညာ က ” မာလို ဂတ်စ်တိုနဲ့ ရိစ်ဂျိမ်းစ်တို့ဟာ ညာနောက်ခံလူ နေရာ အတွက် ပြိုင်ဆိုင်ရပါလိမ့်မယ် ။ ဒါဟာ ချဲလ်ဆီး အတွက် ကောင်းပါတယ် ။ ဂတ်စ်တိုဟာ အတက်အဆင်း ခပ်မြန်မြန် ကစားပေးနိုင်ပြီး ၊ one vs one အနေအထားတွေမှာ အရမ်းတော်ပါတယ် ။ ”

” သူဟာ လိုင်ယွန်မှာကတည်းက ခြေစွမ်းပြနေခဲ့တာပါ ။ အခု ချဲလ်ဆီးမှာ သူ တောက်ပနေတာကို ကျွန်တော် မြင်ရတာ မအံ့သြမိပါဘူး ။ ဘာလို့လဲဆိုတော့ သူ့မှာ အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်လာဖို့ အတွက် လိုအပ်တဲ့ အရည်အသွေး အားလုံး ရှိလို့ပါ ။ ”

” ချဲလ်ဆီးဟာ လောလောဆယ်မှာ ပြန်လည်တည်ဆောက်ဆဲ အနေအထားမှာ ရှိနေပြီး ၊ ဂတ်စ်တိုဟာ အတော်လေး စွမ်းဆောင်ရည် ကောင်းနေပါတယ် ။ ဒါပေမယ့် သူဟာ လာမယ့် ဘောလုံးရာသီတွေမှာ ဒီထက် ပိုပြီး ကောင်းလာနိုင်ပါတယ် ။ ”

” ဒီရာသီ တလျှောက် ခြေစွမ်း အတိုင်းသာ သူ ဆက်ပြီး ပြသနေရင် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်လာဖို့ အလားအလာကောင်း တရပ် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments