အာဆင်နယ် အသင်းဟာ မူဒရစ် ကို ခေါ်ယူ နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပြီး ချဲလ်ဆီး အသင်း နဲ့ ဆွေးနွေး စကား ပြောဆို နေတဲ့ ရှက်တာဒိုးနက် အသင်းရဲ့ လုပ်ရပ် အပေါ် စိတ်ပျက် နေတယ်လို့ TEAMtalk က ရေးသား ဖော်ပြ လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ တရားဝင် မဖွင့်ခင်ကတည်းက မူဒရစ် ကို ခေါ်ယူဖို့ ကြိုးပမ်း နေခဲ့တာ ဖြစ်ပြီး ရှက်တာဒိုးနက် အသင်းထံ ကမ်းလှမ်းမှု နှစ်ကြိမ် လုပ်ထားပေမယ့် နှစ်ကြိမ်စလုံး ငြင်းဆန် ပယ်ချ ခံခဲ့ရပါတယ် ။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မူဒရစ် ဟာ ဒီရာသီမှာ ရှက်တာဒိုးနက် အသင်းအတွက် ၁၈ ပွဲ ကစား ၁၀ ဂိုး သွင်းယူ ပေးထားပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဆင်နယ် ရဲ့မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်း ဟာ မူဒရစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတဲ့ပြိုင်ပွဲထဲ ရောက်လာ ခဲ့ပြီး ရှက်တာဒိုးနက် အသင်း တာဝန်ရှိသူတွေ နဲ့ ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ ကြိုးပမ်းမှုကို စိုးရိမ် ပူပန်ခြင်း မရှိပေမယ့် ချဲလ်ဆီး ကို အသုံးချနေတဲ့ ရှက်တာဒိုးနက် အသင်းအပေါ် စိတ်ပျက်နေတယ်လို့ Team talk ရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဂရေမီဘေလီ က သုံးသပ် ရေးသား လိုက်ပါတယ် ။

” အာဆင်နယ် က မူဒရစ် ကို အလို ရှိနေပါတယ် ၊ မူဒရစ် ရဲ့ အပြောင်းအရွှေ့ကို တက်နိုင်သလောက် အမြန်ဆုံး အပြီးသတ်ချင်နေပါတယ် ၊ ချဲလ်ဆီး နှင့် ရှက်တာဒိုးနက် အသင်းကြား ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့တယ် ဆိုတာ ကျနော်တို့ အားလုံး မြင်တွေ့ ထားကြပါတယ် ။ ”
” အာဆင်နယ် ဘက်က ရှက်တာဒိုးနက် ဘယ်အသင်းနဲ့ပဲ စကားပြောရမယ်လို့ ပြောထားတာ မရှိပါဘူး ၊ ရှက်တာဒိုးနက် က ချဲလ်ဆီး ကို အသုံးချပြီး သူတို့ လိုချင်တဲ့ ဈေးပေးလာအောင် တွန်းအား ပေးနေတယ်လို့ အာဆင်နယ် ဘက်က ယူဆ နေပါတယ် ။ ဒီလို ပြောဆိုမှုတွေ ရှိနေပေမယ့် အာဆင်နယ် က သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေဆဲပါ ။ ”
” ဒါ့အပြင် မူဒရစ် က အာဆင်နယ် ကို ပြောင်းချင်ကြောင်း အပြင်းအထန် တွန်းအားပေးနေတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပါဘူး ။ ကျနော် နားလည်မိသလောက် က ကစားသမား က အာဆင်နယ် အသင်းဟာ သူ့ရဲ့ ဦးစားပေး ကလပ် အသင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ ၊ မူဒရစ် ကလည်း အသင်းကိုလည်း တက်နိုင်သလောက် တွန်းအားပေးနေပါတယ် ။ ” လို့ ဆိုသွား ခဲ့ပါတယ် ။

မူဒရစ် ဟာ ရှက်တာဒိုးနက် အသင်း နဲ့ စာချုပ် သက်တမ်း ၂၀၂၆ ခုနှစ် အထိ ကျန်ရှိ နေသေးပြီး ယူကရိန်း ကလပ် ဘက်က ယူရို သန်း ၁၀၀ အထိ ဈေးသတ်မှတ် ထားပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ကတော့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ် မတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” မူဒရစ် နဲ့ ပတ်သက်ပြီး ဘာ update မှ မရှိပါဘူး ၊ ကစားသမား တစ်ဦး ရဲ့တန်ကြေး က ရောင်းမယ့် ဝယ်မယ့် အသင်း နှစ်သင်းကြား သဘောတူညီမှု ရယူပြီး လုပ်ရတာပါ ၊ ဒါကြောင့် ခက်ခဲပါတယ် ၊ ဈေးကွက်ထဲမှာ ပိုက်ဆံ အတော်များများ သုံးနိုင်တဲ့ ကလပ် တော်တော်များများ ရှိပါတယ် ၊ သူတို့နဲ့ ပြိုင်ရမှာပေါ့ဗျာ ။ ”
” ကျနော်တို့ အနေနဲ့ ပါးနပ်မှု ရှိဖို့ လိုပါတယ် ၊ အခွင့်အရေးကောင်းကို မြင်တက်ဖို့ လိုပါတယ် ၊ ကစားသမားတွေကို ဆွဲဆောင် နိုင်ဖို့ လိုအပ်ပါတယ် ၊ အဆုံးသတ်မှာ ကစားသမား ကပဲ ဘယ်အသင်းမှာ ကစားချင်သလဲ ဆုံးဖြတ်တာ ဖြစ်ပါတယ် ၊ ကစားသမား က ကျနော်တို့ အသင်းအတွက် ကစားချင်တယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ ။ ” လို့ ပြောကြား ထားပါတယ် ။






