စပိန်နည်းပြ အင်းနရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်းအတွက် မိမိတွင်သာ အပြစ်ရှိကြောင်းနှင့် အသင်းကစားသမားများသည် မိမိညွှန်ကြားသည့်အတိုင်း ကစားခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်အသင်းသည် ဒီဇင်ဘာ (၆)ရက်က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်တွင် မော်ရိုကိုအသင်းနှင့် အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲစဉ် အပြီးတွင် စပိန်ကစားသမားများ၏ စွမ်းဆောင်မှုအပေါ် ဝေဖန်မှုများရှိနေရာ အင်းနရစ်က ကစားသမားများတွင် အပြစ်မရှိကြောင်းနှင့် မိမိညွှန်ကြားသည့် အတိုင်း (၁၀၀) ရာခိုင်နှုန်း လိုက်လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

အင်းနရစ်က “ကစားသမားတွေက ကျွန်တော့်ရဲ့ ညွှန်ကြားချက်အတိုင်း ရာနှုန်းပြည့်ကစားခဲ့ကြတာပါ။ သူတို့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ပွဲရလဒ်အတွက် ကျွန်တော့်မှာပဲ တာဝန်အပြည့်အဝရှိပါတယ်” ဟု ပြောကြားခဲ့သည်။






