ဘောလုံးလောကနှင့် ၂ နှစ်ကြာဝေးကွာနေသော ဆမ်အလာဒိုက်စ်သည် လိဒ်အသင်းမန်နေဂျာအဖြစ်ဖြင့် မနေ့မှ စ၍ ဘောလုံးမန်နေဂျာလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အလာဒိုက်စ်က သူသည် ကလော့ပ်နှင့် ဂွာဒီယိုလာတို့နှင့်တန်းတူအရည်အသွေးရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အလာဒိုက်စ်သည် အဆင့် ၁၇ တွင် ရောက်ရှိနေသောလိဒ်အသင်းကို လက်ကျန်ပွဲစဉ် ၄ ပွဲတွင် တန်းမဆင်းရရေးအတွက် အပြင်းအထန်ကြိုးစားရန်တာဝန်ဖြင့် မန်နေဂျာအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

အလာဒိုက်စ်က အဆိုပါတာဝန်သည် ကြီးလေးသောတာဝန်ဖြစ်ကြောင်း လိဒ်အသင်းတန်းမဆင်းရလျှင် သူ့အတွက် ကြီးမားသည့်အောင်မြင်မှုတစ်ခုဟုယူဆမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “အချို့လူတွေက ကျွန်တော်ဟာအသက်ကြီးပြီး ရှေးဆန်တယ်လို့ယူဆကြပါတယ်။ ဒါကလည်း မှန်သင့်သလောက်မှန်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်က အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ကြည့်လိုက်ရင် လူအိုတစ်ယောက်လိုဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်ဘောလုံးရေးရာမှာတော့ ကျွန်တော့်ထက်ရှေ့ကျော်နေတဲ့သူ မရှိသေးပါဘူး။ ကလော့ပ် အာတီတာ ဂွာဒီယိုလာတို့က သာနေတယ်လို့ပြောလို့မရပါဘူး။ ကျွန်တော်က သူတို့အားလုံးနဲ့တန်းတူပဲ ဖြစ်ပါတယ်။ သူတို့ကလည်းသူတို့စိတ်ကြိုက်ကစားကွက်ကိုသုံးသလို ကျွန်တော်ကလည်း ကိုယ့်နည်းနဲ့ကိုယ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်တဲ့ ဗဟုသုတ အသိဉာဏ်ကတော့ ကျွန်တော်နဲ့သူတို့နဲ့က တန်းတူပဲဖြစ်ပါတယ်”ဟု အလာဒိုက်စ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂွာဒီယိုလာကလည်း အလာဒိုက်စ်၏ ထိုသို့ပြောဆိုမှုကို မှန်ကန်ကြောင်းထောက်ခံပြောဆိုလိုက်သည်။ “ရိုးရိုးသားသားပြောရရင် အလာဒိုက်စ်ပြောတာက မှန်တယ်လို့ထင်ပါတယ်။ သူတို့လို ထူးချွန်တဲ့ မန်နေဂျာတွေက ပရီးမီးယားလိဂ်ကို ဒီနေ့လိုအဆင့်အတန်းကို ရောက်အောင်ကူညီပေးထားတာ ဖြစ်ပါတယ်။ အလာဒိုက်စ်လိုမန်နေဂျာတွေက အတွေ့အကြုံအရမ်းများပြီး ပွဲတစ်ပွဲအပေါ်နားလည်မှုက အရမ်းကောင်းပါတယ်။ သူက ကစားသမားတွေကို ဖိအားတွေပေးပြီးသူတို့ဆီက ဘာလိုချင်လည်းဆိုတာကို တိတိကျကျပြောနိုင်သူဖြစ်ပါတယ်။ အင်္ဂလန်မန်နေဂျာတွေက လက်စွမ်းပြနေတာတွေ အများကြီး တွေ့ဖူးပါတယ်”ဟု ဂွာဒီယိုလာက ပြောဆိုလိုက်သည်။ အလာဒိုက်စ်၏လိဒ်အသင်းသည်လာမည့် စနေနေ့တွင် ဂွာဒီယိုလာ၏ မန်စီးတီးအသင်းနှင့် အီတီဟက်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။






