အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြ ဆောက်ဂိတ်က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင် ပွဲအထိ အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မျှော်မှန်းထားသလောက် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အင်္ဂလန်အသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကမှ ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါစာချုပ်မှာ ယူရို -၂၀၂၄ ပြိုင်ပွဲအတွက် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယခုအခါ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ရှိနိုင်ကြောင်း ဆောက်ဂိတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ပါက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းမှုကို ဆောက်ဂိတ်က “ဒီလို ဆုံးဖြတ်ခွင့်ရှိလာခဲ့ရင်တော့ ကျွန်တော်တို့ မျှော်လင့်ရုံပါပဲ။ အောင်မြင်မှုအပေါ် မူတည်ပြီး တောင်းဆိုမှုတွေကတော့ အများကြီးရှိလာမှာပါ”ဟု ပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ထောက်ခံအားပေးသူများစွာရှိနေသလို၊ ဆုဖလားအောင်ပွဲ ရယူနိုင်ခြင်းမရှိသောကြောင့် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
ဆောက်ဂိတ်သည် အင်္ဂလန်အသင်းအတွက် ဆုဖလားရယူပေးနိုင်ခြင်းမရှိသေးသော်လည်း ရလဒ်အကောင်းဆုံးနည်းပြ(၃)ဦးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။






