Tuesday, September 30, 2025
spot_img
spot_img

၂၀၂၃-၂၀၂၄ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရမည့် ကလပ်အသင်း Play-off အဆင့်မှ ယှဉ်ပြိုင်ရမည်

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၃-၂၀၂၄ အာဆီယံကလပ်ချန်ပီယံ ရှစ်ပြိုင်ပွဲကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရမည့် ကလပ်အသင်းမှာ Play-off အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တီမောမှလွဲ၍ ကျန်အရှေ့တောင်အာရှဒေသတွင်း ၁၀ နိုင်ငံမှ ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့် အာ ဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားစသည့် လေးနိုင်ငံမှ ကလပ်အသင်းများမှာ နှစ်သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ကျန်နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယား ခြောက်နိုင်ငံမှ ကလပ်အသင်းများမှာမူ တစ်သင်းစီသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ထို့ပြင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားကိုယ်စားပြုကလပ်အသင်း နှစ်သင်းစီ နှင့် စင်ကာပူ၊ ဖိလစ်ပိုင်ကိုယ်စားပြုကလပ် အသင်းတစ်သင်းစီ၊ စုစုပေါင်း ၁၀ သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲမှ စတင်ကစားရမည် ဖြစ်ပြီး မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကလပ်အသင်းများမှာမူ Play-off အဆင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

Play-off အဆင့်တွင် အနိုင်ရရှိမည့် နှစ်သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကလပ်အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ၂၀၂၃-၂၀၂၄ အာဆီယံကလပ်ချန်ပီယံရှစ် ပြိုင်ပွဲ Play-off အဆင့်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၆၊ ၂၉ ရက်၊ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ် မေ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကို ခြောက်သင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များ ကို တစ်ကျော့သာ ကျင်းပမည်ဖြစ်သော်လည်း အိမ်ကွင်း၊ အဝေးကွင်း သတ်မှတ်ကာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုအဆင့်အတွက် အိမ်ကွင်း၊ အဝေးကွင်း သတ်မှတ်မှုကိုမူ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

အုပ်စုတစ်ခုမှ ထိပ်ဆုံးနှစ်သင်းစီမှာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် နှစ်ကြိမ်ကျင်းပခဲ့ဖူးသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments