တမြန်နေ့ကပဲ ၂၀၂၂ – ၂၀၂၃ လာလီဂါ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းဟာ ကစားသမား ၄ဦး အထိ ထွက်ခွာခွင့် ပေးခဲ့ပြီး ၊ တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ၊ မာရီယာနို ဒီယက်ဇ် ၊ တောင်ပံ ကစားသမား မာကို အဆန်စီယိုနဲ့ အီဒင် ဟာဇက်တို့ဟာ ဘီလ်ဘာအိုနဲ့ ပွဲမှာ ပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပြီး ဖြစ်ပါတယ် ။
၂၀၁၉ နွေရာသီ စျေးကွက်မှာ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်သို့ ပေါင်သန်း ၁၀၀နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်ဟာ ၄နှစ်အတွင်း လန်ဒန်မှာ စွမ်းဆောင်ပြခဲ့တဲ့ ခြေမှုန် တမှုန်ပင် မမှီခဲ့တဲ့အပြင် ၊ စာချုပ် တနှစ် ကျန်သေးသည့်တိုင် မက်ဒရစ်မှာ အနာဂတ်မရှိတော့တာကြောင့် ၂ဖက် သဘောတူ လမ်းခွဲခဲ့ကြတာလည်း ဖြစ်ပါတယ် ။

အခုအခါမှာ အသက် ၃၃နှစ် အရွယ်ရှိ ယင်းဘယ်လ်ဂျီယမ်သားဟာ အသင်းလက်မဲ့ ဖြစ်နေကာ ၊ လက်ရှိအချိန်အထိ ဥရောပ ထိပ်တန်းလိဂ်မှ ကလပ်တွေထံမှ တရားဝင် ချဉ်းကပ်မှု တစုံတရာ မရသေးပါဘူး ။ ဒီအတောအတွင်း ဟာဇက် ချဲလ်ဆီးကို ပြန်နိုင်မလား ဆိုတဲ့ ယူဆချက်တွေ ရှိခဲ့ပေမယ့် ၊ အင်္ဂလိပ် မီဒီယာတွေကတော့ ဒီပြန်လည်ဆုံစည်းမှုက ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ် ။
သို့ပေမယ့် ဟာဇက်ဟာ free agent ဖြစ်နေချိန်မှာတောင် ချဲလ်ဆီးကို ကူညီပေးနိုင်ခြေ ရှိကြောင်း Daily Express သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။ အကြောင်းကတော့ ချဲလ်ဆီးဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လက်ဗီးယားကို ခေါ်ယူမယ့် နေရာမှာ ဟာဇက်က ၄င်းကို ခြင်္သေ့ပြာတို့ ပြောင်းရွှေ့ဖို့ တိုက်တွန်းဖွယ် ရှိတာပဲ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဇယားအောက်ဆုံးကနေ တန်းဆင်းခဲ့ရတဲ့ ဆောက်သမ်တန်ဟာ ဒီနွေတတွင်း ခြေစွမ်းကောင်း ရှိနေတဲ့ ကစားသမား တချို့ကို ပရီးမီးယားလိဂ် ကလပ်တွေထံ ရောင်းချရမှာ ဖြစ်ရာ ၊ အနာဂတ် အလားအလာကောင်း ပိုင်ဆိုင်ထားတဲ့ ဘယ်လ်ဂျီယမ် ကြယ်ပွင့် လက်ဗီးယားလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လက်ဗီးယား အတွက် ဆောက်သမ်တန်မှ ပေါင် ၄၅သန်း အထိ အလိုရှိနေပြီး ၊ ပြီးခဲ့တဲ့ ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည် အရဆိုရင် ဒီတန်ကြေးက အထိုက်အလျောက် ပေးရကျိုးနပ်တယ်လို့ ယေဘူယျ သုံးသပ်ရမှာ ဖြစ်ပါတယ် ။
မနေ့ကပဲ ချဲလ်ဆီးဟာ စပို့တင်းလစ္စဘွန်းမှ ဥရုဂွေးကြယ်ပွင့် ကွင်းလယ်လူ မန်နူရယ် အူဂါတေးကို ပီအက်စ်ဂျီနဲ့ အပြိုင် ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၊ ပရီးမီးယားလိဂ်မှာ တောက်ပထားကြတဲ့ လတ်ဗီးယား ၊ ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို ၊ အဲဗာတန ကွင်းလယ်လူ အန်ဒရေ အိုနာနာတို့ကို စောင့်ကြည့်မှု ပြန်လုပ်လျက်ရှိပါတယ် ။
လက်ရှိ နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီးဟာ ကွင်းလယ်လူ ၄ဦး ၊ ၅ဦးခန့် ဆုံးရှုံးနိုင်ခြေ ရှိပြီး ထိုအထဲမှာ ပွဲထွက် ကစားသမားတွေ ဖြစ်ကြတဲ့ မေဆင်မောင့် ၊ မတ်တီယို ကိုဗာဆစ် ၊ အန်ဂိုလို ကန်တေတို့ ပါဝင်နေတဲ့ အတွက် အနည်းဆုံးတော့ ပွဲထွက်နေရာမှာ အနိမ့်ဆုံး ဒေါင်ဒေါင်မြည် ကစားပေးမယ့် ကွင်းလယ်လူသစ် တဦး မဖြစ်မနေ ဖြည့်ဖို့ လိုနေပါတယ် ။
မန်စီးတီး အကယ်ဒမီထွက် လတ်ဗီးယားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီးတို့ တောက်လျှောက် ကင်းထောက် စောင့်ကြည့်ခဲ့တဲ့ လူငယ်ကြယ်ပွင့်တွေထဲက တဦး ဖြစ်တာကြောင့် ဟာဇက်သာ ဒီအပြောင်းအရွှေ့ကို တွန်းအားပေးနိုင်ခဲ့မယ်ဆိုရင် ခြင်္သေ့ပြာတို့ အတွက် အတိုင်းထက်အလွန် ဖြစ်မှာ သေချာပါတယ် ။






