Monday, September 29, 2025
spot_img
spot_img

အင်္ဂလန်ဒိုင်တွေရဲ့ အရည်အသွေးကို ဝေဖန်ပြီး အနီကတ်ကြောင့် အာဆင်နယ် ကို ရှုံးခဲ့တယ်လို့ ဆင်ခြေပေးခဲ့တဲ့ ကွန်တီ

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြ အန်တိုနီယို ကွန်တီ ဟာ မနေ့ညက ကစားခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲစဉ်က အနီကတ် ဖြစ်ရပ် အတွက် အလွန် စိတ်ပျက် ခဲ့ပြီး အင်္ဂလန်ဒိုင်တွေ ဟာ သင်တန်းကျောင်းကို ပြန်သွားသင့်တယ်လို့ ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

စပါး ဟာ အာဆင်နယ် ကို အီးမရိတ် မှာ သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး ၃-၁ နဲ့ ရှုံးခဲ့တာကြောင့် အခု ရာသီရဲ့ ပထမဆုံး ရှုံးပွဲ အရသာကို မြည်းစမ်း သွားခဲ့ရပြီ ဖြစ်ပါတယ် ။

ပထမပိုင်းမှာ ၁ ဂိုးစီ သရေ ကျနေခဲ့တဲ့ ဒီပွဲဟာ လန်ဒန် ဒါဘီ ပီပီ အကျိတ်အနယ် နဲ့ ကြည့်လို့ ကောင်းခဲ့ ပါတယ် ။

အာဆင်နယ် က ၂-၁ နဲ့ အနိုင်ရနေတဲ့ အချိန်မှာ စပါး ရဲ့ ဘရာဇီး နောက်ခံလူ အီမာဆင် ရိုင်ရယ် ဟာ တနိုင်ငံတည်းသာ ဖြစ်တဲ့ အာဆင်နယ် တောင်ပံ ကစားသမား မာတင်နယ်လီ ရဲ့ ခြေထောက်ကို နောက်ကနေ နင်းမိခဲ့ ပါတယ် ။

Antonio Conte arsenal referee argue

ဒီဖြစ်ရပ် ကို ကွင်းလယ်ဒိုင် အန်တိုနီ တိုင်လာ က ပြင်းထန်တဲ့ ပြစ်ဒဏ်လို့ သတ်မှတ်ပြီး တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ်ခဲ့ ပါတယ် ။

ဒီဆုံးဖြတ်ချက် ဟာ စပါး နည်းပြ ကွန်တီ အပါအဝင် စပါး နဲ့ သက်ဆိုင်သူ အားလုံးကို စိတ်ပျက်စေခဲ့ ပါတယ် ။

နောက်ပိုင်းမှာတော့ ဂရန်းနစ် ရှာကာ က အာဆင်နယ် အတွက် တတိယမြောက်ဂိုးကို သွင်းပြီး စပါးကို ပြန်လမ်းမဲ့ စေခဲ့ပါတယ် ။

“အင်္ဂလန်မှာ လုပ်ရကိုင်ရတာတွေက ခက်ခဲပါတယ် ။ ဘာလို့လည်း ဆိုတော့ ဒီမှာ သာတူညီမျှမှု ဆိုတာ သိပ်မရှိလို့ ပါပဲ” လို့ စပါး နည်းပြ ကွန်တီ က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ် ။

ကွန်တီ က အီတလီ က ဒိုင်တွေရဲ့ လုပ်ရပ်တွေကို အင်္ဂလန် မှာလည်း အတုယူ ကျင့်သုံးသင့်တယ်လို့ ပြောဆိုခဲ့ပြီး အနီကတ် ဟာ သူတို့ကို များစွာ ခက်ခဲ သွားစေခဲ့ကြောင်း ပြောဆိုခဲ့ ပါတယ် ။

“အနီကတ် မဖြစ်သင့်တာတွေ အနီကတ် ဖြစ်လာတယ် ၊ အနီ ဖြစ်သင့်တာတွေက မဖြစ်လာဘူး ၊ အဝါလောက် ပဲ ပြလို့ရတာတွေက ထုတ်ပယ်ခံရမှုတွေ ဖြစ်လာပါတယ် ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး သူတို့ အဖြေရှာသင့် ပါပြီ ။

အီတလီ မှာ ဆိုရင် ကျွန်တော်တို့ ဒိုင်တွေက ကြာသပတေးနေ့တိုင်း တွေ့ကြ ၊ ဗီဒီယိုတွေ ပြန်ကြည့်ကြ ၊ ဆွေးနွေးကြ ၊ ပြန်သုံးသပ်တာတွေ လုပ်ကြပါတယ် ။ ဒါက အားလုံးကို ပိုကောင်း ပိုတိုးတက် လာစေတာပါ”

“အင်္ဂလန်မှာရော ဒါမျိုးတွေ လုပ်သလားဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် ဒါက တကယ် ကောင်းတဲ့ စိတ်ကူးပါပဲ ။

ကျွန်တော်တို့ က အမြင့်ဆုံး ပုံစံ ၊ အကောင်းဆုံး ရလဒ်တွေကို မျှော်ကိုးပြီး ယှဉ်ပြိုင် နေကြတာပါ ။ အကောင်းဆုံး ဘောလုံးသမားတွေ က အကောင်းဆုံး ဆုံးဖြတ်မှုတွေနဲ့ပဲ ထိုက်တန်ပါတယ် ။ VAR ကလည်း အမြင့်ဆုံး အဆင့်မှာ ရှိနေသင့်တာပါ”

“အနီကတ် ထိပြီးသွားတဲ့ နောက်မှာ သူတို့ တတိယ ဂိုး ရသွားခဲ့ ပါတယ် ။ ဒါက အရမ်းကို ပြန်လာနိုင်ဖို့ ခက်ခဲ သွားစေခဲ့တာပါ ။ အနီကတ် ထိလိုက်ချိန်မှာ ဘာဆက်လုပ်ရမယ် ဆိုတာကို ၄-၅ မိနစ်လောက် စဉ်းစား လိုက်ရပါတယ် ။ ဒီလိုပွဲမျိုး ၊ ဒီလို တိုက်စစ်ပြင်းပြင်း ကစားတဲ့ ပြိုင်ဘက်နဲ့ ကစားနေရတုန်းမှာ ၄-၅ မိနစ်လောက် မပြင်ဆင်နိုင် ရတာက တကယ့်ကို ခက်ခဲတဲ့ ကိစ္စပါပဲ”

“ကျွန်တော့ဘက်က ဆင်ခြေပေးရမယ် ဆိုရင်တော့ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကို အသာစီး ရမယ့် အခွင့်အရေး အချို့ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ပေးပို့မှုတွေ လွဲနေခဲ့သလို ပြိုင်ဘက် ကိုလည်း နေရာလွတ်တွေ အများကြီး ပေးမိခဲ့ ပါတယ် ။ ဆုံးဖြတ်ချက် ( ဒိုင်တွေရဲ့ ) ကလည်း ဘက်မညီပါဘူး ။ ဒါတွေက ပွဲကို ဟန်ချက်မဲ့ စေခဲ့တာပါ ။ အနီကတ် က ပွဲကို သတ်လိုက်တာပါပဲ” လို့ ကွန်တီ က ပြောဆို သွားခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ် ဟာ အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီး နည်းပြ အာတီတာ နဲ့ အသင်းသားတွေ အတွက် ကြီးမားတဲ့ စိတ်ဓါတ် ခွန်အား ကို ဖြစ်စေခဲ့ပါတယ် ။

စပါး ကတော့ အဆင့် ၃ မှာ ဆက်လက် ရှိနေပြီး အာဆင်နယ် နဲ့ ၄ မှတ် ကွာဟ သွားခဲ့ရပါတယ် ။

လာမယ့် ရက်သတ္တပတ်မှာတော့ သူတို့ဟာ ပုံစံကောင်း ပြနေတဲ့ ဘရိုက်တန် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပြီး အဆိုပါ ပွဲမတိုင်ခင် ကြားရက်မှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ဖရန့်ဖတ် အသင်းကို ဂျာမန်မြေပေါ်မှာ သွားရောက် ကစားရမှာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments