Friday, March 13, 2026
spot_img
spot_img

အကယ်ဒမီမှာကတည်းက လက်တွဲ အလုပ်လုပ်ဖူးတဲ့ မေဆင်မောင့် မန်ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေခြင်း အပေါ် မှတ်ချက်ပေးသွားတဲ့ ဂျိုဒီ မောရစ်

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီိ်ထွက် အင်္ဂလန် ကွင်းလယ်လူ မေဆင်မောင့်ဟာ လာမယ့် နွေရာသီ စျေးကွက် အတွက် ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားမှုကို ရရှိနေပါတယ် ။ အထူးသဖြင့် ဒီရက်ပိုင်း အတွင်း အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်တို့ဟာ မောင့်ကို ခေါ်ယူဖို့ ပိုပြီး စောင့်ကြည့်လာကြပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ မောင့်ဟာ ယခုနှစ် တရာသီလုံး စာချုပ်သစ် ကိစ္စ အတွက် ကလပ်တာဝန်ရှိသူတွေနဲ့ လစာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ၊ နီးစပ်မှု လုံးဝ မရခဲ့တာကြောင့် ဆွေးနွေးမှု ရပ်ဆိုင်းထားပါတယ် ။ နည်းပြသစ် ဖြစ်လာမယ့် မော်ရစ်စီယို ပိုချက်တီနိုကတော့ မောင့်ကို ဆက်ထိန်းလိုပေမယ့် ၊ အခြေအနေက မဖြစ်နိုင်တော့တာကို တွေ့မြင်နေရပါတယ် ။

ကလပ်ဖက်ကလည်း စာချုပ်သစ် ကိစ္စ ညှိနှိုင်းမရတဲ့အဆုံး မောင့်ကို ထုတ်ရောင်းဖို့ အတွက် အနိမ့်ဆုံး ပေါင်သန်း ၈၀နဲ့ ကမ်းလှမ်းမှု လိုချင်ကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ် ။ စာချုပ် တနှစ်သာ ကျန်တော့ပေမယ့် ၊ အင်္ဂလန် ကစားသမား တဦး ဖြစ်တာနဲ့အညီ ၄င်းကို ကလပ်ဖက်က မရမက ငွေညှစ်ထုတ် ရောင်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ် ။

မနေ့က ဗြိတိန်မီဒီယာတွေရဲ့ အဆိုအရ မောင့်ဟာ အဲရစ် တမ်ဟဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းဖို့ ပိုပြီး စိတ်ဝင်စားနေကြောင်း သိရပြီး ၊ သရဲနီတွေဟာ လာမယ့် နွေရာသီမှာ ကွင်းလယ် တနေရာ ဖြည့်တင်းဖို့ အာရုံစိုက်နေတာကြောင့် နည်းပြရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

မောင့်နဲ့ အတူ ချဲလ်ဆီး အကယ်ဒမီ ၊ ဒါဘီကောင်တီနဲ့ ချဲလ်ဆီး စီနီယာ အသင်းနဲ့ အတူ နှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ ဖရန့် လမ်းပတ်ရဲ့ လက်ထောက် နည်းပြဟောင်း ဂျိုဒီ မောရစ်က မောင့်သာ ပြိုင်ဖက် အသင်း တသင်းဆီ ပြောင်းသွားရင် သူနဲ့ ချဲလ်ဆီး အတွက် ဝမ်းနည်းစရာ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံရာမှာ မောရစ် က ” အကယ်၍ မေဆင်မောင့်ကို ချဲလ်ဆီးလို အသင်းမျိုးက ပြောင်းရွှေ့ဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် ဒါက ချဲလ်ဆီး အတွက် ဝမ်းနည်းဖို့ကောင်းတဲ့ အချိန်ကာလ တရပ် ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ မေဆင်အတွက်လည်း ထိုနည်းတူ ကျွန်တော် စဉ်းစားမိပါတယ် ။ ”

” သူ ချဲလ်ဆီးကို ဘယ်လောက်ထိ ချစ်လဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ဟာ ငယ်မွေးခြံပေါက်လည်းဖြစ် ၊ အကောင်းဆုံး စာရင်းဝင်လည်း ဖြစ်တဲ့ ကစားသမား တယောက်ကို ပြိုင်ဖက် တသင်းထံ ပြောင်းရွှေ့ခွင့် ပြုလိုက်ပြီဆိုရင် ကိုယ့်အပေါ် မေးခွန်းထုတ်စရာတွေက ရှိလာမှာပါ ။ ”

” မေဆင်သာ တခြား ပရီးမီးယားလိဂ် ပြိုင်ဖက် တသင်းဆီ ပြောင်းရွှေ့သွားမယ်ဆိုရင် ကျွန်တော်ဖြင့် လက်ခံရ ခက်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မောရစ်က ချဲလ်ဆီးတို့ ဒီရာသီ အဆင့် ၁၂ အထိ အံ့အားသင့်ဖွယ် ထိုးဆင်းသွားခြင်းဟာ မန်နေဂျာ ၃ယောက် အထိ လဲပေးတာတောင် မတိုးတက်လာတဲ့ ကစားသမားတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်သွားပါတယ် ။

မောရစ် က ” အရှေ့မှာ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့ကြတဲ့ မန်နေဂျာတွေဟာ JT ( တယ်ရီ ) ၊ ဖရန့် လမ်းပတ် ၊ အက်ရ်ှလေကိုးလ် ၊ ဒီဒီယာ ဒရော့ဘာ ၊ ပီတာချက် ၊ ( မိုက်ကယ် ) ဘောလက် ၊ ( မိုက်ကယ် ) အက်ဆီယန်တို့လို ကမ္ဘာ့အဆင့်တွေ ဖြစ်ရုံသာမက ၊ အဝတ်လဲခန်းထဲ ကြီးကြီးမားမား လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ကစားသမားတွေနဲ့ လက်တွဲ အလုပ်လုပ်ခဲ့ရပါတယ် ။ ”

” အခု လက်ရှိ အစုအဖွဲ့ဟာ ငယ်ရွယ်လွန်းသလို ၊ အရမ်း သစ်လွင်လွန်းနေပါတယ် ။ အသင်းမှာ ရှိပြီးသား အတွေ့အကြုံရင့် ကစားသမားတွေကျပြန်တော့လည်း ချဲလ်ဆီးက သူတို့ရဲ့ နောက်ဆုံး အချိန်ကာလကို ရောက်နေကြပါတယ် ။ ကစားသမားတွေဟာ လက်ရှိ အချိန်တို တခု အတွက်သာမက ၊ ဘောလုံးရာသီ တခုလုံး အတွက်ပါ တာဝန်ယူဖို့ လိုပါတယ် ။ ”

” သူတို့ဟာ မန်နေဂျာကောင်း ၃ဦးနဲ့ လက်တွဲ အလုပ်လုပ်ခဲ့ရပေမယ့် ၊ သာမန် စွမ်းဆောင်ရည်အောက် ရောက်နေခဲ့ပါတယ် ။ ရှေ့ဆက် ခရီးမှာ ဒီကစားသမားတွေ သင်ခန်းစာ ယူဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments