လက်ရှိဘောလုံးရာသီတွင် မန်စီးတီးအသင်းက ရလဒ်ကောင်းများရနေခြင်း၏ အကြောင်းပြချက် တစ်ရပ်မှာ ဟာလန်းသည် ကြံ့ခိုင်မှုပြည့်ဝနေခြင်းကြောင့်ဖြစ်ကြောင်း ဟာလန်းကို အချို့ပွဲများတွင် လူစားလဲခြင်းမှာ ၎င်းအနေဖြင့် နောက်လာမည့်ပွဲစဉ်များအတွက် လန်းဆန်းနေစေရန်ဖြစ်ကြောင်း မန်စီးတီးအသင်းမန်နေဂျာဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုသည်။
ဟာလန်းသည် ဒေါ့မွန်တွင်ကစားသည့် ၂ နှစ်အတွင်းတွင် ဒဏ်ရာပြဿနာအချို့ရှိခဲ့သည်။ ဒေါ့မွန်တွင် ကစားသည့်နောက်ဆုံးနှစ်တွင် ဟာလန်းသည် ဘွန်ဒက်စ်လီဂါပွဲ ၂၁ ပွဲသာ ကစားနိုင်ခဲ့ပြီး လိဂ်ဂိုး ၂၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

သို့ရာတွင် မန်စီးတီးသို့ရောက်ရှိလာပြီးပထမဆုံးဘောလုံးရာသီတွင် ဟာလန်းသည်စုစုပေါင်း ပွဲကစားချိန် ၂၁၈၇ မိနစ်ကစားနိုင်ခဲ့ပြီး မန်စီးတီး၏ ဘောလုံးရာသီကို အကောင်းဆုံးအထောက်အကူပေးနိုင်ခဲ့သည်။ မန်စီးတီးတွင် ဟာလန်းထက်ပွဲကစားချိန်ပိုများသော ကစားသမားဟူ၍ အီဒါဆင် (၂၆၁၀ မိနစ်)နှင့် ရိုဒရီ (၂၄၀၇ မိနစ်)တို့သာရှိသည်။
ဟာလန်းသည် မန်စီးတီးသို့ ရောက်ရှိလာပြီးနောက် ပျမ်းမျှ ၇၂.၉ မိနစ်တွင်တစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး ၎င်း၏ကြံ့ခိုင်မှုအတွက်မန်စီးတီးဆေးအဖွဲ့ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်းဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဒေါ့မွန်မှာတော့မသိဘူး။ မန်စီးတီးမှာတော့ ဟာလန်းကို ၂၄ နာရီလုံးဂရုစိုက်နေတယ်။ အသင်းရဲ့ ဆရာဝန်တွေကြံ့ခိုင်ရေးမှူးတွေက အရမ်းကောင်းပါတယ်။ သူတို့က စက္ကန့်တိုင်းမှာ ဟာလန်းကို စောင့်ကြည့်ပေးနေကြပါတယ်။ တခြားကလပ်တွေ ဘယ်လိုလုပ်သလဲတော့မသိဘူး။ ဒါပေမယ့် ကစားသမားတစ်ဦးအတွက် ပိုက်ဆံတွေအများကြီးသုံးပြီး သူတို့ကို လျစ်လျူရှုထားရင်တော့ အဓိပ္ပာယ် မရှိဘူးထင်ပါတယ်။ အခုလိုသုံးရက်တစ်ပွဲလောက် ကစားနေရချိန်မှာ ကစားသမားတွေကို စားသောက်တာ အနားယူတာအိပ်တာက အစဂရုစိုက်ပေးမှရယ်။ လေ့ကျင့်ရေးမှာလည်း ဒီလိုပါပဲ။ မိနစ်ဘယ်လောက် လေ့ကျင့်ရမလဲဆိုတာကို ချိန်ဆနိုင်ရမယ်။ တချို့အချိန်တွေမှာဆိုရင် ၁၅ မိနစ် လောက်ထက်ပိုပြီး လေ့ကျင့်လို့ကို မရပါဘူး”ဟု ဂွာဒီယိုလာက ပြောသည်။







