မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး ရပ်စ်မတ် ဟွိုင်လန်း က သူဟာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းလို အဆင့်မျိုးကို တနေ့ ရောက်လာနိုင်တယ်လို့ ယုံကြည် ထားပေမယ့် လက်ရှိမှာတော့ ဟာလန်း ရဲ့ အဆင့်မျိုးနဲ့ ဝေးကွာနေ ပါသေးတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။
ဟွိုင်လန်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို အခုနှစ် ဘောလုံးရာသီမှာ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၃ ဂိုး သွင်းယူပေးထားခဲ့ပါတယ် ။ ဟွိုင်လန်း ဟာ ဒိန်းမတ် အသင်းအတွက်လည်း ပုံစံကောင်း ပြသနေပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ် ။

ဟွိုင်လန်း ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံဟာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း နဲ့ ဆင်တူပြီး ၂ ယောက်စလုံးဟာလည်း နောဒစ် ဒေသနိုင်ငံတွေ ( ဟာလန်း – နော်ေ၀ ၊ ဟွိုင်လန်း – ဒိန်းမတ် ) က ဖြစ်တာကြောင့် တူညီမှုတွေ ပိုမို ရှိနိုင်သေးတယ်လို့ ယူဆသုံးသပ်ထားကြပါတယ် ။ ဒါပေမယ့် ဟွိုင်လန်း ကတော့ သူဟာ ဟာလန်းလိုမျိုး ဂိုးသွင်းစက် အဆင့်ကို မရောက်ရှိသေးဘူးဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ပြီ ဟာလန်းလို ကစားသမားမျိုး ဖြစ်လာဖို့ ရည်မှန်းထားကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။
“အာလင်း ဟာလန်း ရဲ့ အဆင့်မျိုးကို တနေ့နေ့မှာ ရောက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ် ။ ဒါပေမယ့် အခု လောလောဆယ်မှာတော့ သူ့ရဲ့ အဆင့်မျိုး ရောက်ဖို့ စောလွန်းနေပါသေးတယ် ။ ဟာလန်း က ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတယောက် ဖြစ်နေပါပြီ ။ သူ နဲ့ နှိုင်းယှဉ်တာမျိုးကို ကျွန်တော် သဘောမကျပါဘူး ။ ဒါပေမယ့် ကျွန်တော် က အခုမှ အသက် ၂၀ ပဲ ရှိသေးတာပါ ၊ တချိန်မှာ ဟာလန်း ရဲ့ အဆင့်မျိုးကို ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး” လို့ ရပ်စ်မတ် ဟွိုင်လန်း က ပြောဆိုသွားခဲ့ ပါတယ် ။






