ဝက်စ်ဟမ်းအသင်း တိုက်စစ်ကစားသမား ဂျာရော့ဘိုဝမ်သည် အန်ဒါလက်ချ် အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဥရောပဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကြာသပတေးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းက အန်ဒါလက်ချ်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၁၄ မိနစ်တွင် ဘန်ရာမာက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်း၍ အဖွင့်ဂိုးနှင့် မိနစ် ၃၀ တွင် ဘိုဝမ်က အီမာဆန်၏ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုး သွင်းယူခဲ့သည်။

ဘိုဝမ် (၂၅ နှစ်) သည် ယခုရာသီ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် သုံးဂိုးနှင့် ပြီးခဲ့သည့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲတွင် သုံးဂိုးသွင်းယူထားပြီး ဝက်စ်ဟမ်းအသင်းအတွက် ဥရောပပြိုင်ပွဲသွင်းဂိုးခြောက် ဂိုးရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ဥရောပဂိုးအများဆုံး စံချိန်တင်ထားသည့် ဂျွန်နီဘရိုင်းနှင့် ဒေးဗစ်ခရော့စ်တို့၏ သွင်းဂိုးအရေအတွက်ကို လိုက်မီသွားခြင်းဖြစ်သည်။
“အုပ်စုအဆင့်ကို ကျော်လွန်နိုင်ပြီဖြစ်လို့ ဥရောပပွဲတွေလည်း ပိုကစားရဖို့ရှိနေပါတယ်။ သူ့အနေနဲ့ ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဝက်စ်ဟမ်း အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ပွဲအပြီးတွင် ဘိုဝမ်အား ချီးကျူးပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု (B) တွင် လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရကာ ရမှတ် ၁၂ မှတ်ဖြင့် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး လက်ကျန်နှစ်ပွဲတွင် တစ်မှတ်ရရှိပါက အုပ်စု ပထမနေရာ ရယူနိုင်မည်ဖြစ်သည်။