ပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်ကြသော အိုဝင်ဟားဂရိဗ်နှင့် ဖာဒီနန်တို့က ချဲလ်ဆီးအနေဖြင့် လူကာကူကို ပရီးမီးယားလိဂ်သို့ပြန်ခေါ်ပြီး မန်နေဂျာပေါ်တာ၏ လက်အောက်တွင် စမ်းသပ်အသုံးပြုသင့်ကြောင့် တိုက်တွန်းပြောဆိုလိုက်သည်။
လူကာကူသည် ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင် ၉၇ သန်းဖြင့်ရောက်ရှိလာသော်လည်း အဆင်မပြေဖြစ်ကာ ပြီးခဲ့သည့်နွေရာသီက အသင်းဟောင်း အင်တာမီလန်သို့ အငှားဖြင့် ပြောင်းရွှေ့သွားခြင်းဖြစ်သည်။
ဘယ်ဂျီယမ်တိုက်စစ်မှူးသည် ပရီးမီးယားလိဂ် ၂၆ ပွဲကစားရာတွင် ၈ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပြီး ထိုစဉ်က မန်နေဂျာဖြစ်သူ တူချယ်နှင့်အဆင်မပြေဖြစ်ခဲ့ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာသွားခြင်းဖြစ်သည်။ ချဲလ်ဆီးသည်စက်တင်ဘာတွင် တူချယ်နှင့်လမ်းခွဲကာ ဂရေဟမ်ပေါ်တာကို မန်နေဂျာအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ပေါ်တာသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၁၄ ပွဲ ကိုင်တွယ်ပြီး ၂ ပွဲသာအနိုင်ရရှိပြီးနောက်ဆုံးကစားသည့် ၄ ပွဲတွင် သွင်းဂိုးတစ်ဂိုးသာ ရရှိခြင်းကြောင့် ပြင်းထန်သည့် ဖိအားဒဏ်ကို ခံနေရသည်။ ချဲလ်ဆီးပိုင်ရှင်အသစ်ဘိုလီသည် ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း ၃၀၀ ကျော်အသုံးပြုပြီး အသင်းကို အားဖြည့်ပေးထားသော်လည်း ရလဒ်မကောင်းသဖြင့် ပေါ်တာမှာ ပို၍ပင်ဖိအားများကို ခံနေရခြင်းဖြစ်သည်။
ဖာဒီနန်က အင်တာအတွက်နောက်ဆုံး ၂ ပွဲတွင် ၂ ဂိုးသွင်းထားနိုင်သော လူကာကူသည် ချဲလ်ဆီးတိုက်စစ် အခက်အခဲအတွက် အဖြေတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုလိုက်သည်။ “ကျွန်တော်ထင်တာကတော့ မန်နေဂျာသစ်က လူကာကူကို အခွင့်အရေးပေးသင့်ပါတယ်။ ချဲလ်ဆီးမှာ ယုံကြည်စိတ်ချရတဲ့ တိုက်စစ်မှူးမရှိတာလည်း အထင်အရှားပါပဲ။ ချဲလ်ဆီးက အူဘာမီယန်ကို ဥရောပြိုင်ပွဲဝင်မယ့်လူစာရင်းထဲတောင် ထည့်မထားဘူး။ လူကာကူက ဂိုးဘယ်လိုသွင်းရမလဲဆိုတာ သိပါတယ်။ အခုသူက အရမ်းကြီး ကြံ့ခိုင်မှုမပြည့်ဝသေးတာတောင်မှ နောက်ဆုံးကစားတဲ့ နှစ်ပွဲမှာ နှစ်ဂိုးသွင်းပေးထားနိုင်တယ်”ဟု ဖာဒီနန်က ပြောဆိုလိုက်သည်။
ဟားဂရိဗ်ကလည်း ချဲလ်ဆီးအနေဖြင့် နှစ်ခါမတွေးဘဲ လူကာကူကို ပြန်ခေါ်သင့်သည်ဟု ပြောဆိုလိုက်သည်။ “လူကာကူက သက်သေပြထားပြီးသား တိုက်စစ်မှူးပါ။ သူရဲ့ကစားဟန်က သူဂိုးသွင်းနိုင်တယ်ဆိုတာ သိသာပါတယ်။ ဘာကြောင့်သူ့ကို ပြန်ခေါ်ပြီး ချဲလ်ဆီးအသင်းမှာ မသုံးရမှာလဲ”ဟု ဟားဂရိဗ်က ပြောဆိုလိုက်သည်။






