Wednesday, March 4, 2026
spot_img
spot_img

လီဝန်ဒေါစကီး၊ ခွန်ဒဲနှင့် ရာဖင်ညာတို့အပါအဝင် ဘာစီလိုနာအသင်းမှ ကစားသမား (၆) ဦးအထိခေါ်ယူသွားရန် ဆော်ဒီပရိုလိဂ်ကလပ်အသင်းအချို့စီစဉ်နေ

ဆော်ဒီအာရေဗျပရိုလိဂ်ကလပ်အသင်းအချို့သည် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း  စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းမှ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ပြင်သစ်ကြယ်ပွင့်နောက်ခံလူ ခွန်ဒဲ နှင့် ဘရာဇီးလ်ကြယ်ပွင့်တောင်ပံကစားသမား ရာဖင်ညာတို့အပါအဝင် ကစားသမား (၆)ဦးအထိခေါ်ယူသွားရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် နိုင်ငံ၏ ဘောလုံးအဆင့်အတန်းနှင့် ပုံရိပ်မြင့်မားစေရန်ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့မှစတင်၍ ဥရောပထိပ်တန်းလိဂ်ကလပ်အသင်းများမှ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများစွာကို အလုံးအရင်းဖြင့်ခေါ်ယူခဲ့ပြီး လာမည့်နွေရာသီတွင်လည်း ထပ်မံခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။

စပိန်အားကစားသတင်းစာ Football Espana ၏ဖော်ပြချက်အရ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် နာမည်ကျော် ကစားသမားများစွာကို  ခေါ်ယူလိုနေသည့် ဆော်ဒီအာရေဗျကလပ်အသင်းအချို့၏ အဓိကဗဟိုချက်ဖြစ်နေပြီး လာမည့် ရက်သတ္တပတ်အတွင်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ အရှိန်အဟုန်မြင့်တက်လာဖွယ်ရှိနေကြောင်းသိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကလည်း အိုင်ဗရီကို့စ်ကွင်းလယ်လူ ကက်ဆီးအား ဆော်ဒီအာရေဗျကလပ် အယ်လ်အာလီအသင်းထံ ယူရို (၁၂.၅) သန်းဖြင့်ရောင်းချခဲ့ပြီး အသင်း၏ ဘဏ္ဍာရေးကျပ်တည်းမှုနှင့် အပြောင်းအရွှေ့အသုံးစရိတ် လိုအပ်ချက်များကြောင့် ယခုနွေရာသီတွင်လည်း အသင်း၏ အဓိက ကစားသမားများကို ထပ်မံလက်လွှတ်ရဖွယ်ရှိနေခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ဘာစီလိုနာအသင်းနှင့် အနာဂတ်မငြိမ်မသက်ဖြစ်နေသည့် လီဝန်ဒေါစကီး၊ ခွန်ဒဲနှင့် ရာဖင်ညာတို့အား အဓိကပစ်မှတ်ထားနေခြင်းဖြစ်ပြီး ကစားသမားများအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာလိုခြင်းမရှိသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ ကြေးနှင့် လစာငွေကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်း၏ နည်းပြသစ်ဟန်ဆီဖလစ်ခ်အနေဖြင့်လည်း ဘိုင်ယန်မြူးနစ်အသင်းတွင်လက်တွဲခဲ့ဖူးသည့် လီဝန်ဒေါစကီးအား အသင်းတွင် ဆက်လက်ထားရှိရန်ဆန္ဒရှိ နေသော်လည်း ကစားသမား၏မြင့်မားသည့်လစာငွေနှင့် အသက်အရွယ်အရ ခက်ခဲဖွယ်ရှိနေသလို၊ ကစားသမားသစ်များခေါ်ယူနိုင်ရန်အတွက်လည်း ခွန်ဒဲ၊ ရာဖင်ညာအစ ရှိသည့် စျေးကွက်တန်ကြေးမြင့်ကြယ်ပွင့်ကစားသမားများကိုရောင်းချရဖွယ်ရှိနေခြင်းဖြစ်သည်။

ထို့ပြင် ဆော်ဒီအာရေဗျကလပ်အသင်းများသည် ဘာစီလိုနာအသင်းမှ ဂျာမန်ဂိုးသမား စတီဂန်၊ ပြင်သစ်နောက်ခံလူ လွန်းဂလတ်နှင့် အက်သလက်တီကိုအသင်းမှ အငှားလာရောက်ကစားခဲ့သည့် ပေါ်တူဂီတောင်ပံကစားသမားဂျော်အိုဖေးလစ်တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments