ဖာဘရီဂက်စ် က လက်ရှိ ကစားနေတဲ့ ယူရို ပြိုင်ပွဲမှာ အိမ်ရှင် ဂျာမနီ နှင့် စပိန် အသင်းတို့ဟာ အုပ်စုတွင်း စွမ်းဆောင်ရည် အရ အကောင်းဆုံး အသင်းတွေ ဖြစ်ပြီး ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်းတွေ ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ် ။
အုပ်စု ၃ ပွဲစလုံး ကစားအပြီးမှာ ဂျာမနီ နှင့် စပိန် နှစ်သင်းစလုံး ဟာ အုပ်စု ပထမ အဖြစ် နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဂျာမနီ အသင်းဟာ အုပ်စု ၃ ပွဲ ကစား ၂ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ရမှတ် ၇ မှတ် ၊ သွင်းဂိုး ၈ ဂိုး ၊ ပေးဂိုး ၂ ဂိုး နဲ့ အုပ်စု ပထမ ရထားတာ ဖြစ်ပါတယ် ။
စပိန် အသင်းကတော့ အီတလီ ၊ ခရိုအေးရှား ၊ အယ်ဘေးနီးယား တို့ ပါဝင်နေတဲ့ အုပ်စုကြပ်မှာ သုံးပွဲစလုံး အနိုင် ကစားပြီး သွင်းဂိုး ၅ ဂိုး ၊ ပေးဂိုး လုံးဝ မရှိထားတဲ့ အသင်း ဖြစ်ပါတယ် ။ စပိန် အသင်း နဲ့ အတူ အောင်မြင်မှုတွေ အများကြီး ရယူ နိုင်ခဲ့တဲ့ ဖာဘရီဂက်စ် က လက်ရှိ စပိန် အသင်း ရဲ့ ခြေစွမ်းကို အားရ ကျေနပ်နေပြီး ဗိုလ်စွဲနိုင်တဲ့ အသင်း အဖြစ် တစ်ပေး သွားခဲ့ပါတယ် ။

ဖာဘရီဂက်စ် က ဖာဒီနန် ရဲ့ FIVE YouTube Channelမှာ ” လက်ရှိ အချိန်အထိ ဗိုလ်စွဲဖို့ အခြေအနေ အကောင်းဆုံး နှစ်သင်း က စပိန် နှင့် ဂျာမနီပေါ့ဗျာ ။ သူတို့ နှစ်သင်းစလုံး က ဆင်တူ တဲ့ အရည်အသွေး ၊ ဘောလုံး ကစားဟန် ၊ နည်းလမ်းတွေ ရှိကြပါတယ် ။ ”
” သူတို့ ကစားတာ ကြည့်ရတာ သက်သောင့် သက်သာ ရှိလှပါတယ် ။ နှစ်သင်းစလုံး က လက်ရှိ ခေတ်သစ် ဘောလုံးလောကရဲ့ ပြင်းထန်တဲ့ အားသွန်ခွန်စိုက် ကစားရတဲ့ ကစားပုံ ကို ကစားဖို့ အသင့် ဖြစ်နေကြတဲ့ အသင်းတွေပါ ။ ဘောလုံး ကိုင် ကစားတာလည်း ကောင်းပြီး နည်းစနစ်ပိုင်းလည်း ကျေညက်ကြပါတယ် ၊ သူတို့ နှစ်သင်းက လက်ရှိ အချိန်အထိ ဒီပြိုင်ပွဲမှာ အပြီးပြည့်စုံ အသင်း နှစ်သင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။