ဒွိုက်ယော့က မန်ယူနိုက်တက် အသင်း အနေနဲ့ ယူရို ၂၀၂၄ မှာ တူရကီ အတွက် ခြေစွမ်းပြ ကစားနေတဲ့ ရီးရဲမက်ဒရစ် wonderkit အာဒါဂူလာကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဂူလာဟာ အနာဂတ်မှာ အထူး တောက်ပမယ့်သူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဂျော်ဂျီယာနဲ့ အဖွင့်ပွဲစဉ်မှာ တူရကီ အတွက် အထူး ခြေစွမ်းပြခဲ့သလို လှပတဲ့ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။
ပေါ်တူဂီနဲ့ပွဲမှာတော့ ဂူလာဟာ အံ့အားသင့်ဖွယ် အရန်ခုံရောက်ခဲ့ပြီး မိနစ် ၂၀ အလိုမှသာ ဝင်ကစားခဲ့ရကာ တူရကီတို့ အဆိုပါပွဲကို ၃-၀ နဲ့ ရှုံးခဲ့ပါတယ်။ မွန်တဲလားဟာ ချက်နဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ဂူလာကို ပွဲထွက်စာရင်းမှာ ပြန်လည် အသုံးပြုဖို့ ရှိနေပြီး ဂူလာဟာ ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံမှာ ကောင်းကောင်း ကစားနိုင်သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲယ်မှာတော့ ဒီရာသီ လာလီဂါမှာ ၁၀ ပွဲသာ ကစားခဲ့ရပြီး ကစားခွင့် နည်းပါးခဲ့ပေမယ့် ၆ ဂိုးတော့ သွင်းယူနိုင်ခဲ့ပါတယ်။ ကီလီယန်အမ်ဘက်ပေ နဲ့ အန်းဒရစ် တို့လည်း ရောက်လာခဲ့တာကြောင့် ဂူလာဟာ လာမည့်ရာသီမှာ ပွဲကစားချိန် နည်းပါးသွားဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဂူလာ အနေနဲ့ ရီးရဲယ် ကနေ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာနိုင်တယ်ဆိုပြီး သုံးသပ်နေကြကာ ဒွိုက်ယော့ကတော့ တူရကီစတားကို အိုးထရပ်ဖို့ဒ်ထံ ရောက်စေချင်နေပါတယ်။

ဒွိုက်ယော့က “အာဒါဂူလာကို wonderkit ဆိုပြီး ခေါ်နေကြတာဟာ နှစ်အနည်းငယ် ရှိနေပါပြီ။ သူဟာ ယူရိုအဖွင့်ပွဲစဉ်မှာ တူရကီ အတွက် အံ့ဖွယ်ဂိုးကို သွင်းယူပြီး သူ့ရဲ့ စပယ်ရှယ် အရည်အသွေးကို ပြသခဲ့ပါတယ်။ သူဟာ ယူရိုမှာ တောက်ပနေပါတယ်။ အခုဆိုရင် အားလုံးဟာ သူ့ကို ရီးရဲယ်မက်ဒရစ် အရန်ခုံတန်းကနေ ကယ်တင်ချင်နေကြမှာပါ။
ဒီဘရိုင်းနား ၊ မိုဆာလား တို့လည်း ချဲလ်ဆီးလို အသင်းကြီး ကနေ ထွက်ခွာပြီးနောက်ပိုင်း သူတို့ရဲ့ ကစားသမား ဘ၀ အကျိုးများခဲ့တာကို ကျနော်တို့ မြင်တွေ့ခဲ့ကြမှာပါ။ ဂူလာ အနေနဲ့ ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွေ့ကာ သူတို့လိုမျိုး ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ?
ဂူလာ အနေနဲ့ အပတ်တိုင်း ကစားခွင့်ရဖို့ အခွင့်အရေး လိုအပ်နေပါတယ်။ အားလုံးဟာ အတွေ့အကြုံရှိ ကစားသမားတွေ ခေါ်ယူပြီး အလျှင်အမြန် fix လုပ်ဖို့ လုပ်နေကြပါတယ်။ ဒါပေမယ့် ကျေနာ်တို့ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာနိုင်တဲ့ ဂူလာကို မမေ့ထားဖို့ လိုအပ်ပါတယ်။ ကျနော်ကတော့ မန်ချက်စတာယူနိုက်တက်တို့ သူ့ကို ရအောင် ခေါ်ယူတာကို မြင်ချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။