မန်ယူအသင်းအရောင်းအဝယ် ကိစ္စသည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဂလေဇာမိသားစုသည် လာမည့်နာရီပိုင်းအတွင်း အသင်း၏အရောင်းအဝယ်အတွက် ဆုံးဖြတ်ချက်တစ်ခုချမှတ်မည်ဖြစ်ပြီး အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်။
ကာတာသူဌေး ရှိတ်ဂျက်ဆင်အယ်လ်သာနီသည် မန်ယူအသင်း၏ ပိုင်ရှင်အသစ်ဖြစ်လာတော့မည်ဖြစ်ကြောင်း အဆိုပါသတင်းကို လာမည့်နာရီပိုင်းအတွင်းတွင် ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အင်္ဂလန်ရှိမီဒီယာများက သတင်းဖော်ပြနေသည်။ ကာတာသူဌေးသည် ဗြိတိန်သူဌေး ဆာဂျင်မီရက်ကလစ်ဖ်နှင့် အပြိုင်မန်ယူအသင်းကို ဝယ်ယူရေးတွင် ကြိုးစားနေခြင်း ဖြစ်ပြီး အသင်းကို အပြီးသတ်ဝယ်ယူနိုင်ရေးအတွက် ပြီးခဲ့သည့်သီတင်းပတ်များတွင် မန်ယူပိုင်ရှင်များနှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခဲ့သည်။

သီတင်းပတ်ပေါင်းများစွာ လိပ်ခဲတည်းတည်းဖြစ်နေခဲ့သော်လည်း ဂလေဇာမိသားစုသည် အရောင်းအဝယ်ကို နောက်ထပ်မရွှေ့ဆိုင်းတော့ပဲ အလျင်အမြန်အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကာတာမီဒီယာ အယ်လ်မာရီ၏ သတင်းအပေါ်အခြေခံ၍ ဗြိတိန်မီဒီယာများက သတင်းဖော်ပြခြင်းဖြစ်သည်။

မန်ယူအသင်းကို ရောင်းချရေးနှင့်ပတ်သက်၍ ဂလေဇာမိသားစုများအကြား သဘောထားကွဲလွဲမှု အချို့ရှိနေခဲ့သော်လည်း ယခုအခါ အဆိုပါသဘောထားကွဲလွဲမှုများကို ချန်ထားခဲ့ပြီး အသင်းအရောင်းအဝယ်ကို အပြီးသတ်ရန် လျင်မြန်စွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကာတာသူဌေးအုပ်စုဘက်မှ အနိုင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်လာနေပြီး မန်ယူအသင်းအရောင်းအဝယ် အပြီးသတ်ရေးသည် နာရီပိုင်းအတွက်း ပြီးဆုံးကြေညာနိုင်မည်ဖြစ်ကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။






