မန်ယူအသင်းသည် ရာသီကုန်တွင် နှစ်စဉ်ကျင်းပနေကျဖြစ်သည့် အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲကို ယခုနှစ်တွင် ကျင်းပမည်မဟုတ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်း၏ ရပ်တည်မှုမှာလည်း ဝေဖန်စရာဖြစ်နေသည့်အတွက် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် Sir Matt Busby Player of the Year ဟု အမည်ရသည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၁၉၈၇-၈၈ ရာသီမှစ၍ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုနှင့် စပိန်ဂိုးသမား ဒီဟေးယားတို့က (၄) ကြိမ်စီဖြင့် အများဆုံးရရှိထားကြောင်း သိရသည်။

မူလက ယခုနှစ်အတွက် ဆုပေးပွဲနှင့် ညစာ စားပွဲအခမ်းအနားကို မေ(၂၀)တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း နည်းပြ တန်ဟက်ဂ်နှင့် အသင်းတာဝန်ရှိသူများက FA ဖလားဗိုလ်လုပွဲအား ပိုမိုအာရုံစိုက်နိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ၂၀၂၁-၂၂ ရာသီတွင်လည်း အဆင့်(၆)နေရာသာ ရရှိသောကြောင့် ကစားသမားများက ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းမပြုရန် တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းခဲ့ဖူးကြောင်း သိရသည်။
ဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဖျက်သိမ်းလိုက်သော်လည်း အကောင်းဆုံးကစားသမားကိုမူ အစဉ်အလာမပျက် ရွေးချယ်သွားမည်ဖြစ်သည်။
ယခုနှစ်အကောင်းဆုံးကစားသမားဆုအတွက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ရဖွယ်ရှိနေကြောင်း သိရသည်။