Saturday, September 13, 2025
spot_img
spot_img

မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်မှာ အရေးပေါ်အခြေအနေဖြစ်နေပြီလို့ ဝန်ခံသွားတဲ့ အန်ဆယ်လော့တီ

မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းမှာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်နေပြီလို့ အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဗိုလ်လုပွဲမှာ ဒေါ့မွန်ကို အနိုင်ယူခဲ့တဲ့ လက်ရှိဥရောပချန်ပီယံတွေက အခုရာသီ၊ ချန်ပီယံလိဂ် ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ ရင်ဆိုင်သွားရပါလိမ့်မယ်။

ဥရောပထိပ်သီးတွေအတွက် ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၁ ရက်၊ မန်ချက်စတာမြို့မှာလည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက်၊ မက်ဒရစ်မြို့မှာလည်းကောင်း ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ရာသီဆက် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး တစ်ကြိမ်စီ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီးနောက် အဆုံးမှာ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကျော်ဖြတ်ပြီး ရာသီသိမ်းချိန် ချန်ပီယံလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ပုံစံသစ်ချန်ပီယံလိဂ်ပြိုင်ပွဲစတင်လာချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရော၊ မန်စီးတီးပါ ရုန်းကန်ခဲ့ရပြီး အုပ်စုအဆင့်နောက်ဆုံးအချိန်အထိ ရှုံးထွက်အဆင့်တက်လှမ်းနိုင်ရန် ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အတွက် ခံစစ်မှူးနှစ်ဦးဒဏ်ရာပြဿနာကြောင့် လတ်တလောမကစားနိုင်ဘဲ မန်စီးတီးနဲ့ထိပ်တိုက်တွေ့ဆုံမှုကို လွဲချော်သွားမှာဖြစ်လို့ ထိုးနှက်ချက်တစ်ရပ်ရှိနေပြီလို့ အန်ဆယ်လော့တီက ထုတ်ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ရူဒီဂါရော၊ အလာဘာပါ ရက် ၂၀ လောက် အနားယူရမှာဖြစ်လို့ ကျွန်တော်တို့အတွက် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်နေပါပြီ။ ဗဟိုခံစစ်ပိုင်းအတွက် တစ်ခုတည်းသောရွေးချယ်စရာတွေကတော့ ဂျာကိုဘိုရာမွန်၊ ရာအူးလ်အဆန်စီယိုနဲ့ ချူအာမန်နီတို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း မီလီတာအို၊ ကာဗာဂျယ်တို့ ဒဏ်ရာပြဿနာပေါ်ပေါက်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်က အခုဘောလုံးရာသီတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments