မန်စီးတီး-စပါး ပရီးမီးယားလိဂ်ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဆိုင်မွန်ဟူးပါး၏ ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်း ဒိုင်အဖွဲ့ (PGMOL) ဥက္ကဋ္ဌ ဟောင်းဝပ်ဝက်ဘ်က ဝန်ခံပြောကြားခဲ့သည်။
ဒီဇင်ဘာ (၃)ရက်က အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးနှင့် စပါးအသင်း (၃-၃) ဂိုးဖြင့် သရေကျခဲ့သည်။
ပွဲပြီးခါနီး နာကျင်အချိန်ပို (၅)မိနစ်တွင် မန်စီးတီးအသင်း တန်ပြန်တိုက်စစ်စတင်စဉ် စပါးအသင်းနောက်ခံလူ အီမာဆန်က ကွင်းလယ်စက်ဝိုင်းစည်းအတွင်း မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့သည်။

ဟာလန်းအနေဖြင့် ဒူးထောက်လဲကျသွားသော်လည်း ဘောလုံးကို ပြန်လည်ရယူကာ အသင်းဖော် ဂရီးလစ်ရှ်ဆီသို့ ပေးပို့ခဲ့သည်။ ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟူးပါးသည် ဟာလန်း ဘောလုံးရရှိသွားပြီးနောက် ဆက်ကစားရန် ခွင့်ပြုခဲ့သော်လည်း ဂရီးလစ်ရှ် အနိုင်ဂိုးသွင်းယူနိုင်သည့်အခြေအနေတွင် ပြစ်ဒဏ်ဘောအဖြစ် ပြန်လည် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ Match Officials: Mic’d Up ရုပ်သံအစီအစဉ်၌ ဟောင်းဝပ်ဝက်ဘ်က “ဟုတ်ပါတယ်။ အဲဒါက ဒိုင်လူကြီးရဲ့အမှားပါ။ အဲဒီအခြေအနေမှာ သူက ဟာလန်းအပေါ် အီမာဆန်ရွိုင်ရယ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို သေချာမြင်တွေ့ခဲ့ပါတယ်။ ဒါက ကွင်းလယ်နေရာမှာဖြစ်ပြီး ဘောလုံးက နောက်ပြန်ရောက်သွားတယ်။ သူက အလုပ်ကို ကြိုးစားတဲ့သူပါ။ အဲဒါက Advantage ပေးဖို့ ဖြစ်နိုင်သလားဆိုတာသိရဖို့ သူ ခဏတုံ့ဆိုင်းနေခဲ့တယ်။ ဒါပေမဲ့ ဒါက ပြင်းထန်တဲ့ ဟန့်တားမှု၊ မဆင်မခြင်လုပ်ရပ်ဆိုတာကို စိတ်ထဲမှာ တွေးမိသွားတာပါ။ သူ့အနေနဲ့ ဒါကို သတိထားရပါမယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းအနေဖြင့် အနိုင်ဂိုးရရှိနိုင်သည့် အခြေအနေတွင် ဆိုင်မွန်ဟူးပါး၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် နစ်နာခဲ့ရပြီး ကစားသမားများအပါအဝင် နည်းပြအဖွဲ့ဝင်များကပါ ပြင်းထန်စွာ ၀ိုင်းဝန်းစောဒကတက်ခဲ့သောကြောင့် FA ၏ စွဲချက်တင်ခြင်းခံခဲ့ရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ယခုရာသီတွင် ကွင်းလယ်ဒိုင်များ၏ ဆိုးရွားသည့် ဆုံးဖြတ်ချက်အမှားများကြောင့် မကြာခဏ ဝေဖန်ပြစ်တင်မှုများကို ခံနေရသလို၊ ဒိုင်လူကြီးများအဖွဲ့ချုပ်အနေဖြင့်လည်း ကွင်းလယ်ဒိုင်များ၏ ဆုံးဖြတ်ချက်အမှားများနှင့်ပတ်သက်၍ ပြန်လည်တောင်းပန်မှုများ မကြာခဏ ပြုလုပ်နေရသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။






