Friday, March 13, 2026
spot_img
spot_img

ပိုချက်တီနို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ အပေါ် မှတ်ချက်ပေးသွားတဲ့ ရာဟင်း စတာလင်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ လာမယ့် ဘောလုံးရာသီ အတွက် နည်းပြသစ် အဖြစ် တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို တရားဝင် ခန့်အပ်ခဲ့ပေမယ့် ၊ ပီအက်စ်ဂျီနဲ့ ကျန်သေးတဲ့ စာချုပ်ကိစ္စကြောင့် ၄င်းဟာ လာမယ့် ဇူလိုင်လမှ ချဲလ်ဆီးကို တရားဝင် စတင် ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ် ။

ဒီကြားထဲမှာတော့ ပိုချက်တီနိုဟာ ဖုန်းနဲ့သော်လည်းကောင်း ၊ face chatနဲ့သော်လည်းကောင်း ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေရဲ့ အနာဂတ် အကြောင်း ဆွေးနွေးမှုတွေ ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေကို ကြိုတင်ပြင်ဆင်လျက်ရှိပါတယ် ။

မနှစ်က မန်စီးတီးကနေ ယူရိုသန်း ၅၀ နဲ့ ပြောင်းလာတဲ့ တောင်ပံ ကစားသမား ရာဟင်း စတာလင်က ၂နှစ် စာချုပ်နဲ့ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ ယင်းအာဂျင်တိုင်းသားနဲ့ ပတ်သက်ပြီး Arab News နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

စတာလင် က ” တော့တင်ဟမ်မှာ သူ ရှိခဲ့စဉ် အချိန်ကစပြီး သူ့အပေါ် ချီးကျူးပြောဆိုမှုတွေ ကျွန်တော် ကြားခဲ့ရပါတယ် ။ သူဟာ ကျွန်တော်တို့ အမှန်တကယ် လိုအပ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ် ။ သူဟာ ဦးဆောင်မှု စွမ်းရည်ကို ယူဆောင်လာပေးမှာ ဖြစ်သလို ၊ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို စမ်းသပ် စိန်ခေါ်သွားမှာပါ ။ ”

” သူဟာ ဒီကို ပြောင်းလာပြီး လူတိုင်းဆီကနေ လေးစားမှု ရမယ့် ကိုယ်ရည်ကိုယ်သွေးမျိုး ထုတ်ပြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါမျိုး ကျွန်တော်တို့ လိုအပ်နေတာပါ ။ တစုံတယောက်က ကျွန်တော်တို့ကို ကြီးကြပ်ထိန်းကွပ်ပေးတာမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး စတာလင် က မကြာခင်မှာ ချဲလ်ဆီးဟာ ဆုဖလားတွေ ပြန်လည် စိန်ခေါ်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ကစားသမား တစု ရှိပါတယ် ။ အရည်အသွေးက ရှိနေပြီးသားပါ ။ ကစားသမား တချို့ ထပ်ဖြည့်တာ ၊ ကစားသမား တချို့ ထွက်ခွာသွားတာမျိုးက ရှိလာပါလိမ့်မယ် ။ ”

” ဒါကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် မကြာခင်မှာ ဆုဖလားတွေကို စိန်ခေါ်လိမ့်မယ် ဆိုတာ ကျွန်တော့စိတ်ထဲမှာ ဘာယုံမှားသံသယမှ မဖြစ်မိပါဘူး ။ ဒီနှစ် ဘောလုံးရာသီ စကတည်းက ကျွန်တော်တို့မှာ အကောင်းဆုံး ပွဲထွက်စာရင်း မရှိခဲ့ပါဘူး ။ ကစားသမား ၁၁ယောက် ၊ ၁၂ယောက် ဒဏ်ရာ ရတာတွေ ရှိခဲ့ပါတယ် ။ ”

” ဒီတော့ မျှတမှု မရှိတဲ့ စတင်ခြင်း ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ထပ်ပြောရရင် ထိပ်တန်းကလပ်တွေမှာ ဒီလို စိန်ခေါ်မှုမျိုးတွေတော့ ရှိတာပေါ့ဗျာ ။ ဒါက ကျွန်တော်တို့ လိုအပ်တဲ့ တည်ငြိမ်မှုကို ပေးစွမ်းပါလိမ့်မယ် ။ ဒါက ခက်ခဲတဲ့ အလုပ် ဖြစ်ထားပါတယ် ။ ခက်ခဲတဲ့ ဘောလုံးရာသီ တခုပါပဲ ။ ”

” ဒါပေမယ့် ခင်ဗျားသာ ပြင်းပြင်းထန်ထန် ဆက်ကြိုးစားနေမယ်ဆိုရင် ခက်ခဲတဲ့ အချိန်ကာလတွေ ပြီးတာနဲ့ အချိန်အခါကောင်းတွေ ရောက်လာလိမ့်မယ်လို့ ကျွန်တော် အမြဲ ယုံကြည်ပါတယ် ။ ဒီရာသီက ဘယ်လိုပဲ ပြီးဆုံးသွားပါစေ ၊ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ၊ ကွဲပြားသည် ဖြစ်စေပေါ့ ၊ ကျွန်တော်ကတော့ တူညီတဲ့ ပုံစံ ၊ လုပ်အားနှုန်းအတိုင်း အာရုံစိုက်သွားပါမယ် ။ ဒီလိုသာဆိုရင် အမှောင်ကာလကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာ စတာလင် က ကစားသမား ဘဝတလျှောက် သူ့ရဲ့ အဆိုးရွားဆုံး ဘောလုံးရာသီ ဖြတ်သန်းခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော့ တကိုယ်တည်း အမြင်အရတော့ ဒီလို နေရတာက အရမ်းကြီး ခက်ခဲတယ်လို့ မထင်ပါဘူး ။ ဝေဖန်မှုတွေကို ကျွန်တော် နားမယောင်နေပါဘူး ။ ကိုယ့်အလုပ် ကိုယ်လုပ်ပါတယ် ။ ဒါပါပဲ ။ ကောင်းကောင်းမွန်မွန် ကစားပေးနိုင်ဖို့ ကျွန်တော် ရည်မှန်းထားပါတယ် ။ ”

” ဒါက ကြုံရခဲတဲ့ ဘောလုံးရာသီ တခုပါ ၊ ခင်ဗျား ဒါကို မေ့ပစ်ပြီး ရှေ့ဆက်ဖို့ လိုပါမယ် ။ တခါတလေမှာ ခက်ခဲတဲ့ အချိန်တွေကပဲ ခင်ဗျားကို နောက်တဆင့် တိုးတက်စေဖို့ ကူညီပေးတတ်ပါတယ် ။ ဒီတော့ ခင်ဗျားဟာ ဒါကို လောင်စာအနေနဲ့ အသုံးပြုရပါမယ် ။ ခင်ဗျားဟာ စီးတီးကို စံနမူနာထားပြီး ကြိုးစားရပါမယ် ။ ”

” ကျွန်တော်ဟာ ပြီးခဲ့တဲ့ ၇နှစ်လုံးလုံး ဒီလို ခြေစွမ်းအဆင့်မျိုး ပြလာခဲ့တာပါ ။ ဒါဟာ ကျွန်တော် နေချင်တဲ့ ခြေစွမ်း အဆင့်အတန်း ဖြစ်ပါတယ် ။ ဒီရာသီ ခြေစွမ်းကို ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး ။ အခုအချိန်ကစပြီး ကျွန်တော်တို့ တည်ဆောက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments