အာဆင်နယ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဖြစ်သူ သီယာရီအွန်နရီသည် ပရီးမီးယားလိဂ်ခေတ်တွင် ကြီးကျယ်ခမ်းနားဆုံး ကစားသမားအဖြစ် မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် နယူးကာဆယ်ဂန္ထဝင် တိုက်စစ်မှူး အလန်ရှီးယားတို့ကို ကျော်ကာ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။
အင်္ဂလိပ်ပထမတန်းပြိုင်ပွဲကို ၁၉၉၂-၉၃ ရာသီမှစတင်ကာ ပရီးမီးယားလိဂ်ဟု ပြောင်းလဲခေါ်တွင်ခဲ့ပြီးနောက် ယခုရာသီမှာ ပရီးမီးယားလိဂ် နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဖြစ်သည်။ ထို့ကြောင့် လောင်းကစားကုမ္ပဏီ တစ်ခုဖြစ်သည့် Betfair သည် YouGov နှင့်ပူးပေါင်းကာ ပရီးမီးယားလိဂ်ခေတ်တွင် ကြီးကျယ်ခမ်းနားဆုံး၊ အကောင်းဆုံးကစားသမားကို ဘောလုံးပရိသတ်များကို မဲပေးရွေးချယ်စေခဲ့သည်။ Betfair ၏ မဲကောက်ခံမှုတွင် ဘောလုံးပရိသတ် ၁၀၀၀ ကျော် ပါ ဝင်မဲပေးခဲ့ကြပြီး အာဆင်နယ်ဂန္ထဝင်တိုက် စစ်မှူး အွန်နရီက မဲ ၁၅ ရာခိုင်နှုန်းဖြင့် ပရီးမီးယားလိဂ်ခေတ်တွင် ကြီးကျယ်ခမ်းနားဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ရသည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီ (၄၄ နှစ်)သည် အာဆင်နယ်အသင်းတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားသလို ၂၀၁၁-၁၂ ရာသီ တွင်လည်း ရာသီဝက်အငှားဖြင့် အာဆင်နယ် အသင်းတွင် ကစားခဲ့သူဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၂၅၈ ပွဲတွင် ၁၇၅ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၂၀၀၃-၀၄ ရာသီက ရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားချန်ပီယံဆု ရရှိခဲ့ခြင်း အပါအဝင်) နှစ်ကြိမ် ရယူနိုင်ခဲ့သည်။
ဒုတိယနေရာတွင် မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒို ရပ်တည်နေပြီး အသက် ၄၅ နှစ်မှ အသက် ၅၄ နှစ်အကြားရှိ မဲပေးသူများသည် ၎င်းကို အများဆုံးမဲပေးခဲ့ကြကြောင်း သိရသည်။ အသက် ၃၇ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ၂၀၀၃ ခု နှစ်မှ ၂၀၀၉ ခုနှစ်အထိ တစ်ကြိမ်နှင့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ ကစားနေပြီး ပရီးမီးယားလိဂ် ၂၂၆ ပွဲတွင် ၁၀၂ ဂိုး သွင်းယူထားသည်။ ပရီးမီးယားလိဂ်သမိုင်းတွင် သွင်းဂိုး ၂၆၀ ဖြင့် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည့် ဘလက်ဘန်းနှင့် နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက စီရော်နယ်လ်ဒိုနောက် တတိယနေရာတွင်သာ ရပ်တည်ခဲ့သည်။
စတုတ္ထနှင့် ပဉ္စမနေရာများတွင် မန်ယူဂန္ထဝင် ကန်တိုနာနှင့် လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်တို့ အစဉ်လိုက်ရပ်တည်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ခေတ် ကြီးကျယ်ခမ်းနားဆုံး ကစားသမား ၂၀ ဦးစာရင်းတွင် လက်ရှိကစားနေသည့် ကစားသမားသုံးဦး သာ ပါဝင်ခဲ့ပြီး စီရော်နယ်လ်ဒို (မန်ယူ) က အဆင့် ၂၊ ဆာလာ (လီဗာပူူးလ်) က အဆင့် ၇၊ ဒီဘရိုင်းနား (မန်စီးတီး) က အဆင့် ၈ နေ ရာတို့တွင် ရပ်တည်ခဲ့သည်။






