Friday, January 16, 2026
spot_img
spot_img

နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ ကြေညာလိုက်တဲ့ ဂမ်ဒိုဂန်

ဘာစီလိုနာအသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေချိန်မှာပဲ ဂမ်ဒိုဂန်က နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ ကြေညာလိုက်ပါတယ်။

အနာဂတ်မရေမရာဖြစ်နေတဲ့ ဘာစီလိုနာကွင်းလယ်လူက ဂျာမနီလက်ရွေးစင်အသင်းအတွက် ဆက်မကစားပေးနိုင်တော့ဘူးလို့ Twitter မှတဆင့် ကြေညာခဲ့တာပါ။ မန်စီးတီးကြယ်ပွင့်ဟောင်းအနေဖြင့် နူးကမ့်မှထွက်ခွာသွားပေးရန် တောင်းဆိုခံထားရပြီး အီတီဟတ်ကွင်းဆီ ပြန်လည်ရောက်ရှိလာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဂမ်ဒိုဂန်က ဂျာမနီလက်ရွေးစင်အသင်းအတွက် ၈၂ ပွဲကစား၊ ၁၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အခုအချိန်မှာ အသက်-၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားက ကလပ်အသင်းကစားသမားဘဝကို အာရုံစိုက်နိုင်ရေးအတွက် နိုင်ငံအတွက်ကစားပေးနေခြင်းမှ နောက်တစ်လှမ်းဆုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂမ်ဒိုဂန်က “ချစ်ခင်လေးစားအပ်ပါသော ဂျာမနီဘောလုံးလောကကြီးခင်ဗျား၊ ရက်သတ္တပတ်အနည်းငယ်စဉ်းစားပြီးနောက် ကျွန်တော့်ရဲ့နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ အချိန်တန်ပြီဆိုတဲ့ အဖြေတစ်ခုရရှိလာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မွေးရပ်နိုင်ငံတော်ကြီးအတွက် ဂုဏ်ယူမှုအပြည့်ဖြင့် ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ် ၈၂ ခုကို ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီလောက်အရေအတွက်အထိ ကစားနိုင်မယ်လို့လည်း ၂၀၁၁ ခုနှစ်၊ လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားပေးလိုက်ချိန်ကတည်းက မစဉ်းစားမိခဲ့ပါဘူး။

ပြီးခဲတဲ့နွေရာသီ၊ အမိမြေမှာကျင်းပတဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွင်း အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်ခဲ့ရမှုကတော့ တကယ့်ကိုကြီးမားတဲ့ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်း ကျွန်တော်တို့က ကိုယ့်ရဲ့နိုင်ငံတော်အတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုသမိုင်းမှတ်တမ်းတွေမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရရှိခဲ့လို့လည်း ကျွန်တော် ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် ယူရိုပြိုင်ပွဲကြီး မစတင်ခင်ကတည်းက ကျွန်တော့်ရဲ့ကိုယ်ခန္ဓာထဲမှာ မောပန်းနွမ်းနယ်မှုတစ်ခု ခံစားခဲ့ရသလို ဦးနှောဏ်ထဲမှာလည်း တွေးစရာလေးတွေ ရှိလာခဲ့ပါတယ်။ ပြီးတော့ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အဆင့်မှာ ကစားရမယ့်ပွဲစဉ်တွေက လျော့ကျသွားခြင်း မရှိခဲ့ပါဘူး။

ကျွန်တော်ကတော့ ဒီလက်ရွေးစင်အသင်းရဲ့ပရိသတ်တစ်ဦးအဖြစ် ဆက်ရှိနေမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့အတူတကွ နောက်တစ်ကြိမ်အမြင့်ပျံနိုင်ဦးမယ်လို့လည်း မျှော်လင့်မိပါတယ်။ ပြီးတော့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အနီးစပ်ဆုံးအသင်းတွေအနက် အသင်းတစ်ခုဖြစ်လာမှာကိုလည်း ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့မှာ အံ့ဖွယ်နည်းပြတစ်ဦးရှိသလို အသင်းကောင်းတစ်ခု၊ ကောင်းမွန်တဲ့စိတ်ဓါတ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီခရီးလမ်းတလျှောက်လုံး ကျွန်တော့်ကို အားပေးထောက်ခံခဲ့ကြတဲ့ အသင်းဖော်တွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူစရာပါပဲ။ ကျေးဇူးတင်ပါတယ် ဂျာမနီရေ၊ မင်းတို့ရဲ့ ဂမ်ဒိုဂန်”လို့ ရေးသားမျှဝေခဲ့ပါတယ်။

လတ်တလောမှာ ဂမ်ဒိုဂန်အနေဖြင့် ဘာစီလိုနာမှထွက်ခွာပေးဖို့ တောင်းဆိုခံထားရမှုနဲ့အတူ အခုနွေရာသီမှာ ကလပ်အသင်းသစ် ရှာဖွေသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဘာစီလိုနာအသင်းကတော့ လာမယ့်သီတင်းပတ်မှာ ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments