Saturday, October 25, 2025
spot_img
spot_img

ဒါဝင်နူးနက်ဇ်သည် အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု လူးဝစ်ဆွာရက်ဇ် ချီးကျူးခဲ့သော်လည်း ပွဲထွက်ခွင့်အတွက် မိမိနှင့် ပြိုင်ဆိုင်ရမည်ဟု သတိပေး

ဥရုဂွေးအသင်း၏ ၀ါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က လက်ရွေးစင်အသင်းဖော် ဒါဝင်နူးနက်ဇ်သည် အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်သည်ဟု ချီးကျူးခဲ့သော်လည်း လာမည့်ကိုပါအမေရိကပြိုင်ပွဲ၌ ပွဲထွက်ခွင့်အတွက် မိမိနှင့်ပြိုင်ဆိုင်ရမည်ဟု သတိပေးပြောကြားခဲ့သည်။

လူးဝစ်ဆွာရက်ဇ်(၃၇ နှစ်)သည် ၂၀၀၇ ခုနှစ်ကတည်းက ဥရုဂွေးလက်ရွေးစင်အဖြစ် အစပြုခဲ့သူဖြစ်ပြီး ဥရုဂွေးအသင်း၏ ဂိုးသွင်းအများဆုံးကစားသမား၊ ဒုတိယပွဲအများဆုံးကစားသမားဟူသည့် စံချိန်မှတ်တမ်းကောင်းများကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ၎င်းသည် လက်ရှိ ၂၀၂၄ ရာသီ၌ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတွင် ယှဉ်ပြိုင်ကစားနေပြီး ပြိုင်ပွဲစုံပွဲ(၂၀)တွင် (၁၄)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရုဂွေးနည်းပြ ဘီယဲလ်ဆာက ကိုပါအမေရိက ပြိုင်ပွဲဝင်လူစာရင်း၌ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒါဝင်နူးနက်ဇ်(၂၄ နှစ်)မှာ ၂၀၁၉ ခုနှစ်တွင် ဥရုဂွေးလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ယခုနောက်ပိုင်းတွင် အသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် နေရာယူထားသူဖြစ်သည်။ ၎င်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သော မက္ကဆီကိုနှင့် ခြေစမ်းပွဲတွင် နံပါတ်(၉)ဝတ်ဆင်ကစားခဲ့ပြီး ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ နံပါတ်(၁၉) ဝတ်ဆင်သွားမည်ဖြစ်ပြီး ၀ါရင့်တိုက်စစ်မှူး ဆွာရက်ဇ်က နံပါတ်(၉)ဝတ်ဆင်ကစားမည်ဟု သိရသည်။

ကိုပါအမေရိကပြိုင်ပွဲအတွက် ဝတ်စုံသစ်များ မိတ်ဆက်ရာတွင် ၎င်းတို့နှစ်ဦး တွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပရိသတ်များက အကြိုက်တွေ့ခဲ့ကြောင်းလည်း သိရသည်။ ဆွာရက်ဇ်က မိမိအနေဖြင့် ဒါဝင်နူးနက်ဇ်အား နံပါတ်(၉) ဝတ်ဆင်ခွင့်ပြုခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့ကြောင်း၊ နှိမ့်ချတတ်သည့် လူတော်လေးတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။ 

ဆွာရက်ဇ်၏ နံပါတ်(၉)ဝတ်ဆင်ရန် ကမ်းလှမ်းမှုကို ဒါဝင်နူးနက်ဇ်က “No. လူးဝစ်။ ခင်ဗျားက နံပါတ် (၉) ပါ။ ကျွန်တော် ခင်ဗျားကို လေးစားပါတယ်။ ဒီအသင်းမှာ ခင်ဗျားမရှိတဲ့အချိန်မှ ဒီနံပါတ်ကို ကျွန်တော် ယူပါမယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းအတွက် ဆွာရက်ဇ်က ချီးကျူးခဲ့သော်လည်း “သူက အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ နံပါတ်(၉)နေရာအတွက်တော့ ပြိုင်ဆိုင်ရမှာပါ။ အသင်းကို ကူညီပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ဖို့ အဓိကဆိုပေမဲ့ ကျွန်တော် ကစားခွင့်ရချင်ပါတယ်။ ဂိုးတွေ သွင်းချင်ပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments