Sunday, March 15, 2026
spot_img
spot_img

ဒဏ်ရာပြဿနာတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုလာတဲ့ အာတီတာ

မိုနာကိုနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက သူ့အနေနဲ့ အသင်းရဲ့ ဒဏ်ရာပြဿနာတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လက်ရှိအချိန် အာဆင်နယ်ရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ စုစုပေါင်း ၇ ယောက်အထိရှိနေပေမယ့် အာတီတာကတော့ အဆိုပါဒဏ်ရာပမာဏကို အပြစ်တင်ရမယ့်အစား စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ခံယူပြီး ရှိတဲလူစာရင်းနဲ့ အကောင်းဆုံးကစားနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စပိန်သားက “ဒဏ်ရာပြဿနာကတော့ အသင်းတိုင်းကြုံနေရတာပါပဲ။ ကောင်းတဲ့အချက်ကတော့ ဒီလိုဒဏ်ရာပြဿနာတွေရှိနေပမယ့် ကျွန်တော်တို့ရဲ့ ကစားပုံက တစ်သမတ်တည်းတူညီနေဆဲဖြစ်ပြီး ဒီလိုအခြေအနေကို ကျွန်တော်အရမ်းကျေနပ်ပါတယ်။ အသင်းက လိုက်လျောညီထွေဖြစ်နေပြီး ကစားသမားတွေကလည်း နေရာအမျိုးမျိုးမှာ တာဝန်ကျေအောင်ကစားပေးနိုင်ကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့က အခုချိန်အထိ ပြန်လည်ကစားနိုင်ခြင်းမရှိတာကြောင့် အာတီတာအနေနဲ့ ဘယ်နောက်ခံနဲ့ ညာနောက်ခံနေရာတွေအတွက် ဖြေရှင်းနိုင်ဖို့ အချိန်အတော်ကြာ တိုင်ပတ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာတီတာဟာ ဘယ်နောက်ခံနေရာမှာ ဂျူရီယန်တင်းဘားကိုနေရာချကာ၊ ညာနောက်ခံနေရာမှာတော့ သောမတ်စ်ပါတေးကို ကစားခိုင်းထားပါတယ်။

Mikel Arteta says he is trying to overcome injury problems

ဆက်လက်ပြီး အာတီတာက “ကျွန်တော်တို့ ညာနောက်ခံလူစစ်စစ် မရှိတဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒါက အချက် ၂ ချက်အပေါ်မှာမူတည်နေပါတယ်။ ပထမတစ်ချက်ကတော့ နည်းဗျူဟာပိုင်းနဲ့ဖြစ်ပြီး ဒုတိတစ်ချက်ကတော့ ကစားသမားတွေကြားက အချိတ်အဆက်နဲ့ပါ။ ဒါပေမယ့် ညာနောက်ခံနေရာမှာ ကစားတဲ့သူက ကွင်းလယ်မှာ ဘောလုံးကိုင်ပြီး ကစားရတဲ့ ကွင်းလယ်လူရဲ့ကစားပုံနဲ့တော့ ကွာခြားမှုရှိနေပါတယ်။ ဒီတစ်ချက်က ကျွန်တော်တို့အတွက်ခက်ခဲပေမယ့် ဖြေရှင်းနိုင်ဖို့ကြိုးစားနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ရာသီအစမှာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ဟာ ပြန်လည်ကစားနိုင်ချိန်ကတည်းက အသင်းအတွက် ရလဒ်ကောင်းတွေ တောက်လျှောက်ပုံဖော်ပေးထားနိုင်ခဲ့ပါတယ်။ နော်ဝေးသားဟာ ပြီးခဲ့တဲ့အပတ်ကမှ ရင်သွေးလေးဖွားမြင်ထားပေမယ့် ဇနီးရဲ့အလိုက်သိမှုကြောင့် ကြံ့ခိုင်မှုကို ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။

အိုဒီဂတ်က “ကလေးတစ်ယောက်မွေးဖွားနိုင်တာက ကြီးမြတ်တဲ့လက်ဆောင်တစ်ခုပါပဲ။ ဘဝရဲ့ အလှပဆုံးအရာတွေထဲကတစ်ခုပေါ့။ ကျွန်တော်တို့လိုကစားသမားတွေအတွက် အရေးကြီးတဲ့အချက်က အိမ်ပြန်ရောက်တာနဲ့ အနားယူနိုင်ဖို့ပါ။ ကလေးရတာ ၁ ပတ်ပဲရှိသေးပေမယ့် ကျွန်တော်အများကြီး အနားယူခွင့်ရထားပြီး ကျွန်တော့်ဇနီးက အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးနေပါတယ်။ ဒီလိုဇနီးမျိုးရထားလို့ ကျွန်တော်ကံကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments