Monday, September 29, 2025
spot_img
spot_img

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာရန် စီရော်နယ်လ်ဒို ဆန္ဒရှိနေပြီး ရောက်ရှိနိုင်သည့် ကလပ်အသင်းရေပန်းစားမှုတွင် ချယ်လ်ဆီး ဦးဆောင်နေ

မန်ယူအသင်းတွင် ပုံမှန်ကစားခွင့်မရ ဖြစ်နေသည့် ပေါ်တူဂီနာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း ဗြိတိန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ၀ါရင့်တိုက်စစ်မှူးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက ချန်ပီယံလိဂ်ကစားခွင့်ရှိသည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုကြောင်း မန်ယူအသင်းထံ သတင်းပို့ခဲ့သည်။ ယင်းနောက်တွင် ချယ်လ်ဆီး၊ အက်သလက်တီကို၊ ဒေါ့မွန်၊ စပို့တင်းလစ္စဘွန်းအသင်းများနှင့် သတင်းထွက်ခဲ့သော်လည်း အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့သောကြောင့် အသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက အသင်း၏ ဂိုးသွင်းအများဆုံးဖြစ်ခဲ့သူ စီရော်နယ်လ်ဒိုသည် ယခုရာသီ ပရီးမီးယားလိဂ် ရှစ်ပွဲအပြီးတွင် တစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဘရန့်ဖို့ဒ်နှင့်ပွဲပြီးကတည်းက အရန်ခုံတွင်ထိုင်နေရကာ လူစားဝင်ကစားသမားအဖြစ်သာ ပွဲအများစု ကစားခဲ့ရသည်။ ပြီးခဲ့သည့် မန်ချက်စတာဒါဘီတွင် စီရော်နယ်လ်ဒိုကို လူစားဝင်ကစားသမားအဖြစ်သာ မသုံးခဲ့သဖြင့် သူ့အနေဖြင့် လာမည့်ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

လက်ရှိတွင် မာစီယဲလ် ဒဏ်ရာမှပြန်ကောင်းလာသဖြင့် စီရော်နယ်လ်ဒိုအတွက် ပွဲထွက်ခွင့်အခွင့်အလမ်း ပိုမိုနည်းပါးလာခဲ့သည်ဟု သတင်းများက သုံးသပ်ခဲ့သည်။ မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် ပြီးခဲ့သည့်နွေရာသီက စီရော်နယ်လ်ဒိုသည် သူ၏စီမံကိန်းတွင် ပါဝင် နေဆဲဖြစ်သည်ဟု အတည်ပြုပြောကြားထားသော်လည်း လက်ရှိအခြေအနေအရ ကမ်းလှမ်းမှုများရှိလာလျှင် လက်လွှတ်သွားဖွယ်ရှိနေကြောင်း သိရသည်။

မန်ချက်စတာဒါဘီတွင် စီရော်နယ်လ်ဒိုကို ထည့်သွင်းမကစားခဲ့သည့်အတွက် အသင်းကစားသမားဟောင်းများဖြစ်သည့် ဂယ်ရီနဗီးလ်၊ ရီယိုဖာဒီနန်အပြင် ကာရေဂါတို့ကလည်း နည်းပြ တန်ဟက်ဂ်၏ဆုံးဖြတ်ချက်အပေါ် ရုပ်သံမှတစ်ဆင့် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

စီရော်နယ်လ်ဒို ရောက်ရှိနိုင်သည့် ကလပ်အသင်းရေပန်းစားမှုတွင် ချယ်လ်ဆီးအသင်းက ဦးဆောင်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက စီရော်နယ်လ်ဒိုအား ခေါ်ယူရန် စိတ်ဝင်စား နေသည်ဟု သတင်းထွက်ခဲ့သေးသည်။ Sky Bet ၏အလေးပေးချက်တွင် ချယ်လ်ဆီးက ၂း၁ လေး၊ စပို့တင်းလစ္စဘွန်းက ၁၆း၁ လေး၊ အက်သလက်တီကိုက ၂ဝး၁ လေး ရှိနေကြသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက Bet Victor ၏အလေးပေးချက်တွင်မူ ချယ်လ်ဆီးက ၅း၂ လေး၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန် ကလပ်အသင်းတစ်သင်းသင်းက ၁၂း၁ လေးစီ၊ လီဗာပူးလ်နှင့် မေဂျာလိဂ်ကလပ်အသင်းတစ်သင်းသင်းက ၁၆း၁ လေးစီ ရှိခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments