နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦး ဖြစ်သည့် လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါ၏ ဆော်ဒီလိဂ်၏ အပြောင်းအရွှေ့လှုပ်ရှားမှုများအပေါ် သတိပေးပြောကြားခဲ့သည်။
ဆော်ဒီလိဂ်သည် ပြီးခဲ့သည့် ဆောင်းရာသီအပြောင်းအရွှေ့၌ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် ယခု နွေရာသီတွင် ဘန်ဇီမာ၊ ကွန်တေ စသည့် နာမည်ကျော် ထိပ်တန်းကစားသမားများကို ထပ်မံ ခေါ်ယူခဲ့သည်။

ထို့ပြင် လက်ရှိအချိန်၌ ဥရောပဘောလုံးလောကမှ ကစားသမားများစွာကို ထပ်မံခေါ်ယူရန် စီစဉ်လျက်ရှိပြီး ၎င်းတို့ ပစ် မှတ်ထားနေသည့် ကစားသမားများထဲတွင် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာနှင့် မန်စီးတီးအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားတို့လည်း ပါဝင်လာခဲ့သည်။
ကာရေဂါက အသက်(၃၀)ကျော် ကစားသမားများကို ဆော်ဒီလိဂ်မှ ခေါ်ယူခြင်းအတွက် စိုးရိမ်စရာမရှိသော်လည်း ဘာနာဒိုဆေးလ်ဗားကဲ့သို့ ထိပ်တန်းကစားသမားကို ခေါ်ယူနိုင်ခဲ့ပါက ၎င်းတို့၏ လှုပ်ရှားမှုများကို တားဆီးရန်လိုအပ်လိမ့်မည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

“အသက်(၃၀)ကျော်ကစားသမားတွေနဲ့ ထိပ်တန်းအဆင့်မဟုတ်တဲ့ ကစားသမားတွေကို ခေါ်ယူတာ စိုးရိမ်စရာမရှိပါဘူး။ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူသွားနိုင်မယ်ဆိုရင်တော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ လိုပါလိမ့်မယ်”ဟု ကာရေဂါက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။






