ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင် ပေါလ်မာဆင်က မန်ယူအသင်းအနေဖြင့် ဆုဖလားများရယူလိုပါက စပါးတိုက်စစ်မှူး ဟာရီကိန်းကို ကြေးကြီးပေးခေါ်ယူသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ဟာရီကိန်းသည် စပါးအသင်းတွင် ဆက်နေဖွယ်ရှိသည်ဟု သတင်းထွက်နေသော်လည်း ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်နေသည်။

ပေါလ်မာဆင်က ”ဟာရီကိန်းက တစ်ကိုယ်တော် စံချိန်မှတ်တမ်းတွေ ယူမလား။ ဒါမှမဟုတ် အသင်းနဲ့အတူ ဆုဖလားတွေ ရယူမလား။ စပါးမှာ ဆက်နေမယ်ဆိုရင်တော့ သူ့အနေနဲ့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဟာရီကိန်းက ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးပါ။ ကျွန်တော်သာ မန်ယူအသင်းဆိုရင် သူ့ကို ပေါင်သန်း (၁၀၀) ပေးပြီး မနက်ဖြန်ပဲ ခေါ်ယူလိုက်မှာပါ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်း ဟာရီကိန်းလို ဂိုးတွေမသွင်းနိုင်တဲ့ အန်တိုနီလို ကစားသမားကိုတောင် ပေါင်သန်း (၈၀) ကျော်ပေးပြီး ခေါ်ယူခဲ့တာပါ။ ဟာရီကိန်းက အသက် (၃၇) နှစ်လောက်အထိ ကစားနိုင်မယ့်သူဖြစ်ပြီး မန်ယူအသင်းအနေနဲ့ ဆုဖလားတွေ ရယူလိုတယ်ဆိုရင်တော့ ဟာရီကိန်းလို ကစားသမားမျိုး လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။






