အိုင်းယက်စ် အသင်း ရဲ့ ဒုတိယ အသင်း ခေါင်းဆောင် ယူရီယန် တင်ဘာ ဟာ ဒီကနေ့မှာတော့ အာဆင်နယ် အသင်း နဲ့ ဆေးစစ်မှု ခံယူ သွားမှာ ဖြစ်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ တင်ဘာ အတွက် ယူရို သန်း ၄၀ ဝန်းကျင် သုံးစွဲ ခဲ့ရပါတယ် ။
တင်ဘာ ဟာ အာဆင်နယ် အသင်းကို လာရောက် ကစားတဲ့ ၇ ယောက် မြောက် နယ်သာလန် ကစားသမားလည်း ဖြစ်ပါတယ် ။ ဂန်းနား ဖြစ်လာတော့မယ့် တင်ဘာ အပေါ် နာမည်ကျော် ကစားသမားတွေ ရဲ့ ချီးကျူး ပြောဆိုမှုတွေကို စုစည်း ဖော်ပြ ပေးလိုက်ပါတယ် ။

ဗန်ဒိုက် ( လီဗာပူး နောက်ခံလူ ) – ” တင်ဘာ ခုရောက်နေတဲ့အသက်အရွယ် မှာ ကောင်းနေသလိုမျိုး ကျနော် သူ့အရွယ်တုန်းက မကောင်းခဲ့ပါဘူး ။ သူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အရာတွေပဲ ပြောစရာ ရှိပါတယ် ၊ သူ့ရဲ့ အလားအလာ က တကယ့်ကို မြင့်မားလှပါတယ် ။ ”
အကီ ( မန်စီးတီး နောက်ခံလူ ) – ” သူက Super Talent ရှိတဲ့ ကစားသမားပါ ။ သူက ရင့်ကျက်မှု အပြည့်နဲ့ ကစားလေ့ ရှိပါတယ် ၊ သူ့ အသက်အရွယ်မှာ ဒီလောက် ရင့်ကျက်တည်ငြိမ်တဲ့ ကစားသမားမျိုး ကျနော် မတွေ့ဖူးပါဘူး ၊ သူက ကွင်းပြင်ပမှာလည်း အေးအေးဆေးဆေးပဲ နေတတ်ပါတယ် ၊ ပရို ပီသစွာ ပြုမှု နေထိုင်သလို သူ့ကိုယိသူ ပိုကောင်းလာဖို့ကိုပဲ အမြဲတမ်း အာရုံစိုက်နေသူပါ ၊ နောက်ပြီး သူက မီဒီယာတွေနဲ့လည်း ကောင်းကောင်းဆက်ဆံ ပြောဆို နိုင်ပါတယ် ၊ တုန်လှုပ်ကြောက်ရွှံနေတာမျိုးလည်း မရှိပါဘူး ။ ”

ဘလိုင်း( ဘိုင်ယန်မြူးနစ် နောက်ခံလူ ) – ” ယူရီယန် က အလျင်အမြန် တိုးတက် လာတဲ့ ကစားသမားပါ ၊ ချန်ပီယံလိဂ် မှာ သူ့ရဲ့ တိုးတက် လာမှုကို ကျနော်တို့ မြင်ခဲ့ရပါတယ် ၊ သူ့ရဲ့ အလုပ်ကြိုးစားမှု နှင့် လေ့လာသင်ယူဖို့ အမြဲတမ်း မျက်စိဖွင့် နားစွင့် ထားတာက တကယ့်ကို အထင်ကြီးစရာပါ ၊ သူက အရမ်းကိုမှ တည်ငြိမ် ရင့်ကျက်တဲ့ ကောင်လေး တစ်ယောက်ပါ ။ ”
ဗန်ဘက်စတန် ( နယ်သာလန် ဂန္တဝင် ) – ” အိုင်းယက်စ် ရော နယ်သာလန် ရော ကစားပုံ ကောင်းနေတာမှာ တင်ဘာ ကို အဓိက ကျေးဇူး တင်ရပါမယ် ။ သူ့ကြောင့် ကျနော်တို့ နောက်တန်း ကနေ ဘောလုံး အလွယ်တကူ တည်ကစားလို့ ရတာပါ ၊ နောက်တန်း သုံးယောက် ထဲမှာဆို သူ နှင့် အကီ က ကစားကွက် စတင်တာ အများဆုံး ဖြစ်ပြီး ဗန်ဒိုက် က အနည်းဆုံး ဖြစ်နေပါတယ် ။ တင်ဘာ က နယ်သာလန် နောက်တန်းရဲ့အဓိက အားသာချက်ပါပဲ ၊ နောက်ပီး ဘယ်တော့မှ ပျာယာခတ် လေ့ မရှိပါဘူး ။ တင်ဘာ က နည်းစနစ်ပိုင်းရော နည်းဗျူဟာ ပိုင်းပါ ကျေညက်ကောင်းမွန်သူပါ ။ ဒါကြောင့် သူ ကစားခွင့်ရပြီး ဒီလစ် က ကစားခွင့် မရတာပါ ။ ”