ချဲလ်ဆီး အသင်းဟာ ယနေ့မှာပဲ ၄င်းတို့ရဲ့ ဒုတိယမြောက် နွေရာသီ ကစားသမားသစ် ခေါ်ယူမှု အဖြစ် ပြင်သစ် လက်ရွေးစင် နောက်ချန် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကန်ကူကို လိုက်ပ်ဇစ် အသင်းကနေ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ် ။
အသက် ၂၅နှစ် အရွယ်ရှိ အန်ကန်ကူဟာ မနှစ်ကတည်းက ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတာ ဖြစ်ပြီး ၊ ၄င်းအတွက် ခြင်္သေ့ပြာတို့ လိုက်ပ်ဇစ်ထံသို့ ပေါင် ၅၃သန်း ပေးချေခဲ့ရပါတယ် ။ အန်ကန်ကူဟာ ချဲလ်ဆီးနဲ့ ၂၀၂၉ခုနှစ် အထိ ရှိစေမယ့် ၆နှစ် စာချုပ်ကို ချုပ်ဆိုထားပြီ ဖြစ်ပါတယ် ။

မနှစ်က အန်ကန်ကူ ခေါ်ဖို့ လျှို့ဝှက် ဆေးစစ်မှု လုပ်ဆောင်ခဲ့စဉ် ချဲလ်ဆီးဟာ သောမတ်စ် တူချယ် လက်အောက်မှာ ရှိနေခဲ့ပြီး ၊ အခု အန်ကန်ကူ ရောက်လာချိန်မှာတော့ ယာယီ နည်းပြ ၂ဦး အပါအဝင် နည်းပြ ၄ဦး အထိ ပြောင်းလဲသွားပြီ ဖြစ်ပါတယ် ။
လိုက်ပ်ဇစ်ရဲ့ ၂နှစ်ဆက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ထားတဲ့ အန်ကန်ကူဟာ နောက်ဆုံး ၂နှစ်ဆက် ပိုကယ်ဖလား ဆွတ်ခူးထားပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင်လည်း ကူညီပေးထားပါတယ် ။ ဒါကြောင့် အန်ကန်ကူဟာ မနှစ်က ဂိုးသွင်းနိုင်ဖို့ အထူး ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ် အတွက် ကြီးမားတဲ့ အားအင် တရပ် ဖြစ်စေမှာ သေချာပါတယ် ။

ချဲလ်ဆီး အသင်းနဲ့ တရားဝင် တွေ့ဆုံခဲ့တဲ့ ပထမဆုံး အင်တာဗျူးမှာ အန်ကန်ကူ က ” ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့လို့ ကျွန်တော် အလွန်အမင်း ပျော်ရွှင်နေပါတယ် ။ ဒီအသင်းဆီ ပြောင်းရွှေ့လာနိုင်ဖို့ ကြီးမားတဲ့ ကြိုးစားအားထုတ်မှု လုပ်ခဲ့ရပြီး ၊ အခုတော့ နည်းပြသစ် ၊ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ၊ ချဲလ်ဆီး ပရိသတ်တွေကို ကွင်းတွင်း ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ ပြသဖို့ ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ် ။ ”
” လီဂူးဝမ်းနဲ့ ဘွန်ဒက်စ်လီဂါမှာ ကစားထားပြီး ဖြစ်တာကြောင့် အခုအခါ ကမ္ဘာ့ အခက်ခဲဆုံးလိဂ် တလိဂ် ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစားချင်ပါတယ် ။ ဒီစိန်ခေါ်မှု အတွက် ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေသလို ၊ ချဲလ်ဆီး ဂျာစီကို ဝတ်ဆင်ရမှာမို့ ဂုဏ်ယူမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အားကစား ဒါရိုက်တာ ၂ဦး ဖြစ်တဲ့ ပေါလ်ဝင်စတန်လေနဲ့ လောရန့် စတီးဝပ်တို့ကလည်း အန်ကန်ကူကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ” ခရစ်တိုဖာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခု အတွင်း ဥရောပ ဘောလုံးလောကမှာ ထိုးထွက်နေတဲ့ တိုက်စစ်ကစားသမား တဦး ဖြစ်ကြောင်း သက်သေပြထားပြီးပါပြီ ။ ”
” သူဟာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမားစာရင်းမှာ အရည်အသွေးကောင်း ၊ ဖန်တီးမှုနဲ့ နေရာစုံ ကစားပေးနိုင်မှု စတဲ့ အရာတွေ ယူဆောင်လာပေးမှာပါ ။ လိုက်ပ်ဇစ်နဲ့ ပြင်သစ်မှာ သူရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ထုတ်ဖော် သက်သေပြထားပြီးပါပြီ ။ လာမယ့် ဘောလုံးရာသီသစ် မတိုင်မီ အသင်းဖော်သစ်တွေနဲ့ သူ ဆုံတွေ့နိုင်မယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






