ဗီလာရီးယဲလ်အသင်း၏ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်သည် ချယ်လ်ဆီးအသင်းနှင့် ဆေးစစ်ဆေးမှု အောင်မြင်ခဲ့ပြီဖြစ်သဖြင့် မကြာမီ အသင်းနှင့် စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ပြီး ပိုချက်တီနိုလက် ထက် ချယ်လ်ဆီးအသင်း၏ ပထမဆုံးခေါ်ယူမှု ဖြစ်လာတော့မည်ဟု သိရသည်။
ဂျက်ဆန်သည် ပြီးခဲ့သည့်လကတည်းက ချယ်လ်ဆီးအသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် ယခုအချိန်တွင် ကစားသမား၏စာချုပ်လျော်ကြေးဖြစ်သည့် ယူရို (၃၅)သန်းပေးချေကာ ခေါ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂျက်ဆန်သည် ၂၀၁၉ ခုနှစ်က ဗီလာရီးယဲလ်အသင်းထံသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်း၏ လူငယ်အသင်းကစားသမားဘဝမှ အသင်းကြီးကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သူသည် အသက် (၂၂)နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့သည့်ရာသီက အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်သည်။
ဂျက်ဆန်အား ခေါ်ယူရန် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဘုန်းမောက်နှင့် ဆောက်သမ်တန်အသင်းတို့က ကြိုးပမ်းခဲ့သော်လည်း ကစားသမားက ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းက ကမ်းလှမ်းလာချိန်တွင်မူ လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






