အေစီမီလန်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးက ယခုရာသီတွင် အေစီမီလန်အသင်းနှင့် စကူဒက်တို (စီးရီးအေ)ချန်ပီယံဆုအားထပ်မံရယူသွားရန် ဆန္ဒရှိနေကြောင်း၊ ယခုရာသီချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ရင်ဆိုင်ကစားရမည့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းအားကြောက်ရွံ့ နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၇)နှစ်အရွယ်ရှိ ဂျရူးသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ က ချယ်လ်ဆီးအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉၄)ပွဲကစားရာတွင် (၃၆)ဂိုးသွင်းယူကာ အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်သည်။

ဂျရူးသည် ၂၀၂၁-၂၂ ရာသီ က အေစီမီလန်အသင်းနှင့်အတူ စကူဒက်တိုချန်ပီယံဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနောက်ထပ်တစ်ကြိမ် ထပ်မံရယူနိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ စကူဒက်တိုချန်ပီယံဆု နှင့်ပတ်သက်ပြီး ဂျရူးက “လွန်ခဲ့တဲ့ (၂)နှစ်က ကျွန်တော်တို့အသင်းဟာ သမိုင်းတစ်လျှောက် (၁၉)ကြိမ်မြောက် စကူဒက်တိုချန်ပီယံဆုကို ရယူနိုင်ခဲ့သလို လက်ရှိမှာ နောက်တစ်ကြိမ် ထပ်မံရယူဖို့ ဆန္ဒရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင်ဂျရူးက ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်တွင် (၂)ပွဲဆက်ရင် ဆိုင်ကစားရမည့် ပြင်သစ်ထိပ်သီး PSG အသင်းကိုကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် အနိုင်ရရန်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျရူးက “ဒါဟာ (PSG နှင့်ပွဲ) ကျွန်တော်တို့အတွက် အဆုံးအဖြတ် ပေးမယ့်ပွဲမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပွဲကနေ အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမှာဖြစ်သလို ကျွန်တော်တို့အတွက်လည်း အခွင့်အရေးရှိနေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ PSG ကိုကြောက်ရွံ့နေမှာမဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။






