Sunday, March 15, 2026
spot_img
spot_img

ကလပ်တစ်သင်းတည်းနှင့် ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်သည့် ပထမဆုံးဂိုးသမား၊ ပထမဆုံးဗြိတိန်ပြင်ပကစားသမားအဖြစ် ဒီဟေးယား မှတ်တမ်းဝင်

မန်ယူအသင်း၏ စပိန်ဂိုးသမား ဒီဟေးယားသည် ကလပ်အသင်းတစ်သင်းတည်းတွင်ကစားပြီး ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်သည့် ပထမဆုံးဂိုးသမားအဖြစ်သာမက ပထမဆုံးဗြိတိန်ပြင်ပကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ဒီဟေးယား(၃၂ နှစ်)သည် လိဒ်စ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မန်ယူကစားသမားဘဝ ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုံဆိုပါက (၅၁၉)ပွဲရှိပြီဖြစ်သည်။ ဒီဟေးယားသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုအသင်းမှ မန်ယူအသင်းထံ ပေါင်(၁၈.၉)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အဆိုပါပြောင်းရွှေ့ကြေးပမာဏမှာ ယင်းအချိန်က ဂိုးသမားတစ်ဦးအတွက် ဗြိတိန်စံချိန်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဒီဟေးယားသည် မန်ယူအသင်းအတွက် (၁၂)ရာသီမြောက် ယှဉ်ပြိုင်ကစားချိန်တွင် ပရီးမီးယားလိဂ်၏ စံချိန်မှတ်တမ်းသစ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်တွင် ပွဲပေါင်း(၅၀၀)ကျော်ကစားခဲ့သည့် သြစတြေးလျဂိုးသမား မာ့ခ်ရှဝါဇာ ရှိခဲ့သော်လည်း ၎င်းသည် အဆိုပါပွဲအရေအတွက်ကို ကလပ်အသင်း(၄) သင်းတွင်ကစားကာ ရရှိခဲ့ခြင်းဖြစ်ပြီး မစ်ဒယ်ဘရော့အသင်းအတွက် (၃၃၂)ပွဲကစားခဲ့သည်မှာ အများဆုံးဖြစ်သည်။ ထို့ကြောင့် ဒီဟေးယားက ကလပ်တစ်သင်းတည်းနှင့် ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်သည့် ပထမဆုံးဂိုးသမားဖြစ်ခဲ့သလို၊ ကလပ်တစ်သင်းတည်းအတွက် ၎င်းထက် ပွဲပိုမိုများပြားစွာ ကစားခဲ့သူများမှာလည်း ဗြိတိန်ကစားသမားများဖြစ်သောကြောင့် ပထမဆုံးဗြိတိန်ပြင်ပ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဒီဟေးယားသည် ပရီးမီးယားလိဂ်ပွဲ(၄၀၀) ကို အသက်အငယ်ဆုံးနှင့် ပြည့်မြောက်သည့် ပထမဆုံး ဂိုးသမား၊ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၄၀၀) ပြည့်သည့် ပထမဆုံးဂိုးသမားဟူသည့် မှတ်တမ်းများလည်း ပိုင်ဆိုင်ခဲ့သည်။ ဒီဟေးယားသည် ပရီးမီးယားလိဂ် ပွဲ(၄၀၀)ကို အသက်(၃၂ နှစ်၊ ၉၇ ရက်)တွင် ပြည့်မြောက်ကာ အငယ်ဆုံးဂိုးသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး  ဒုတိယနေရာတွင် ရှေးဂစ်ဗင်းက (၃၃ နှစ်၊ ၃၃၅ ရက်)၊  တတိယနေရာတွင် ဒေးဗစ်ဂျိမ်းစ်က (၃၄ နှစ်၊ ၂၈၇ ရက်)၊ စတုတ္ထနေရာတွင် ပီတာချက်က် (၃၄ နှစ်၊ ၃၅၈ ရက်)၊ ပဥ္စမနေရာတွင် မာ့ခ်ရှဝါဇာက (၃၇ နှစ်၊ ၁၇၂ ရက်)ဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။ 

ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ မန်ယူအသင်းအတွက် ပွဲအများဆုံးကစားထားသူမှာ ဝေးလ်စ်တောင်ပံကစားသမား ရိုင်ယန်ဂစ်ဖြစ်ပြီး ပေါလ်စခိုးလ်၊ ဂယ်ရီနဗီးလ်နှင့် ၀ိန်းရွန်နီတို့မှာလည်း ဒီဟေးယားထက် ပွဲပိုမိုကစားထားသည်။ သို့သော် ဂိုးသမားများထဲတွင် ဒီဟေးယားက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲအများဆုံးအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဒီဟေးယားသည် မန်ယူအသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ကို ၂၀၁၁-၁၂ ရာသီ၌ ဝက်စ်ဘရွန်းအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စတင်ခဲ့ပြီး ယင်းအချိန်မှစ၍ မန်ယူအသင်း ၏ ပထမဂိုးသမားအဖြစ် ရပ်တည်လာခဲ့ခြင်းလည်းဖြစ် သည်။ ဒီဟေးယားသည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လစာလျှော့ယူ၍ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments