၂၀၂၂ ခုနှစ် သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Pondok Indah Golf Course ၌ Asia Pacific Golf Platform (APGP) မှကြီးမှူးကျင်းပသော Simone Asia Pacific Cup ဂေါက်သီးရိုက်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခါင်းဆောင်အဖြစ် ဦးမြင့်အောင် (မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် မျိုးဆက်သစ်လူငယ်ဂေါက်သီး အားကစား သမားများ ဆပ်ကော်မတီ ဥက္ကဋ္ဌ)၊ အုပ်ချုပ်သူအဖြစ် ဒေါ်မြင့်မြင့်သန်း(မျိုးဆက်သစ်လူငယ်ဂေါက်သီး အားကစား သမားများဆပ်ကော်မတီ)၊ အားကစားသမားများအဖြစ် ခင်သူသူနှင့်ဖူူးပွင့်ရတီခိုင်တို့ ပါဝင်ကြသည်။ ယင်းပြိုင်ပွဲတွင် မြန်မာ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ သြစတေးလျ၊ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ အမေရိကန်အပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ အားကစားသမား (၄၄)ဦး ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။