PSG အသင်းနှင့် လမ်းခွဲရန် နည်းပြသစ် လူးဝစ်အန်နရီကေး စဉ်းစားနေသည်ဆိုသော သတင်းများကို နှစ်ဖက်စလုံးမှ ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း သိရသည်။
အသက် ၅၃ နှစ်အရွယ်ရှိ အန်နရီကေးသည် PSG အသင်းနည်းပြအဖြစ် ပြီးခဲ့သည့် ဇူလိုင်လ(၅)ရက်ကမှ တရားဝင်ခန့်အပ်ခံခဲ့ရပြီး နှစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်သည်။ သို့သော် PSG အသင်း၏ အသင်းတွင်းပြဿနာများကြောင့် အန်နရီကေးအနေဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ လက်ရှိရာထူးကို စိတ်ပျက်နေကြောင်း သတင်းများက ရေးသားခဲ့သည်။

အထူးသဖြင့် အဓိကတိုက်စစ်မှူး ဘာပေနှင့် PSG အသင်း အကြား အပြောင်းအရွှေ့ပြဿနာကို အန်နရီကေးက အထူးစိတ်ပူပန်နေကြောင်း သိရသည်။ PSG အသင်းသည် ဘာပေကို အာရှခရီးစဉ်သွားရောက်ခဲ့သည့် PSG အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ပြီး အသင်း၌ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းစေခဲ့သည်။
ထို့ပြင် အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လူးဝစ်ကမ်ပို့စ်မှာလည်း အသင်းမှထွက်ခွာရန် နီးစပ်နေသဖြင့် အန်နရီကေးနှင့် ပတ်သက်သည့် ကောလာဟလများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ယနေ့ထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာ ရယ်ရွှင်ဖွယ်ရာကောင်းပြီး သူတို့(မီဒီယာ)တွေဟာ လုံးဝဖရို ဖရဲဖြစ်နေပါပြီ”ဟု PSG အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် PSG အသင်းက လူးဝစ်အန်နရီကေးနှင့် လူးဝစ်ကမ်ပို့စ်တို့ ထွက်ခွာမည့်သတင်းများသည် လုံးဝအခြေအမြစ်မရှိကြောင်း တုံ့ပြန်ခဲ့သည်။ အန်နရီကေးဘက်မှလည်း PSG အသင်းမှ ထွက်ခွာမည့်အစီအစဉ်မရှိကြောင်းနှင့် အသင်း၌သာ အာရုံစိုက်ထားကြောင်း ထုတ်ပြန်ခဲ့သည်။






