ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ဇန်နဝါရီ ၁၄ ရက်တွင် ထိုးသတ်မည့်ပွဲနှင့် ပတ်သက်၍ ONE Championship CEO ချက်ထရီနှင့် ထိုးသတ်မည့်ပြိုင်ဘက် ဂယ်ဘိုတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်က”အရင်ပွဲ (ယူရှင်အိုကာမီ) ပြီးကတည်းက ချက်ထရီက ကျွန်တော့်ကို စင်(Circle) ဘေးမှာ လာပြောပါတယ်။ ရက်သတ္တပတ် ခြောက်ပတ်အတွင်း မင်းကို ငါ နောက်တစ်ပွဲ စီစဉ်ပေးမယ်ဆိုပြီးတော့ပါ။ သူပြောတဲ့အတိုင်း စီစဉ်ပေးလို့ သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ မူလပြိုင်ဘက်(ဖန်ယုံ) က ကိုဗစ်ဖြစ်နေလို့ ဂျီဘာတိုဂယ်ဘိုက အစားဝင်လာတာပါ။ အဲ့ဒီအတွက်လည်း သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လို ဖိုက်တာတွေက ထိုးသတ်ရဖို့အတွက်ဆို အမြဲအဆင်သင့်ဖြစ်နေရမှာပါ။ ပရိသတ်တွေအတွက် ကျွန်တော်တို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ချပြနိုင်ရမယ်လေ။ ကျွန်တော့်ကို ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်ပေးနေတဲ့ Killcliff အသင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြ ဟင်နရီဟု့ဖ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ပွဲထိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဂယ်ဘိုက မစ်ဒယ်ဝိတ်တန်းထိုးဖို့ လက်ရှိမှာ အဆင်မပြေဘူး။ ဒါကြောင့် Catchweight စီစဉ်ဖြစ်သွားတာပါ။ Catchweight ၂၁၅ ပေါင်က ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ၁၀ ပေါင်ပဲ ပိုလာတာပါ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့က ၂၁၅ ပေါင်က အဆင်ပြေပါတယ်။ ကျွန်တော်က လိုက်ဟဲဗီးဝိတ်တန်း(၂၂၅ ပေါင်) တောင် ထိုးခဲ့သေးတာပါ။ ဂယ်ဘိုက ကြံ့ခိုင်တဲ့ဖိုက်တာတစ်ယောက်ပါ။ နောက်ပြီး ဂျူဂျစ်ဆုခါးပတ်နက် ရထားသူပါ။ သူ့ရဲ့ လက်သီးထိုးချက်တွေက အားကောင်းပါတယ်။ Looping Shots (၀ိုက်လက်သီး) တွေလည်း သုံးတယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ထက် Striking ပိုင်းမှာ ပိုကောင်းတယ်လို့ ထင်တယ်။ အနည်းငယ်လည်း ပိုပြီး သေသေသပ်သပ်ကစားနိုင်ပါတယ်။ မြေပြင်ပိုင်းမှာလည်း ယှဉ်နိုင်မှာပါ။ ကျွန်တော့်ရဲ့ ကစားဟန်ကို သိတဲ့သူတွေဆိုရင် ကျွန်တော်က ပွဲကို စောစောသိမ်းဖို့ လုပ်ဆောင်တတ်တာ သိကြမှာပါ။ ဒီပွဲမှာလည်း ကျွန်တော်က သူ့ကို အလဲထိုး အနိုင်ယူမှာပါ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ONE Championship သည် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ONE Fight Night 6 ဟု အမည်ပေးထားသည့် MMA ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၉ ဆိုင်းပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဘရာဇီးလ်ဖိုက်တာ ဂယ်ဘိုတို့မှာ Catchweight တန်း၌ စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ကြမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ဂျပန်ဖိုက်တာ ယူရှင်အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရထားသည်။






