ခရိုအေးရှားအသင်းခေါင်းဆောင် ၀ါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်က ၎င်းအနေဖြင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် အစီအစဉ်မရှိသေးဘဲ အနည်းဆုံး Nations League ပြိုင်ပွဲအထိ ဆက်ကစားသွားလိုကြောင်း ပြောကြားခဲ့သည်။

မိုဒရစ်သည် အသက်(၃၇)နှစ်ရှိပြီဖြစ်သော်လည်း ခြေစွမ်းပြကစားနိုင်ဆဲဖြစ်သောကြောင့် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ယှဉ်ပြိုင်ကစားသွားရန် ရည်ရွယ်နေကြောင်းလည်း သိရသည်။
မိုဒရစ်သည် ခရိုအေးရှားဘောလုံးလောက၏ ဒုတိယရွှေရောင်မျိုးဆက်ကို ဦးဆောင်သူအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ၎င်းအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည့် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်၌ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် ရရှိခဲ့သည်။
ခရိုအေးရှားသည် ၁၉၉၄ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ ခွဲထွက်ခဲ့ပြီးနောက် ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ရရှိခဲ့သည်။
ယင်းမတိုင်မီ ပထမဆုံးယှဉ်ပြိုင်ခဲ့သည့် ယူရို-၁၉၉၆ ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါကာလမှ ကစားသမားများကို ပထမရွှေရောင်မျိုးဆက်ဟုသတ်မှတ်ပြီး မိုဒရစ်အပါအဝင် လက်ရှိကစားသမားများကို ဒုတိယရွှေရောင်မျိုးဆက်ဟု သတ်မှတ် ခြင်းဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခရိုအေးရှားအသင်းသည် ပြိုင်ပွဲမတိုင်မီက ရေပန်းစားသည့် အသင်းတစ်သင်းမဟုတ်ခဲ့သော်လည်း ရေပန်းအစားဆုံး ဘရာဇီးလ်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး တတိယကြေးတံဆိပ်ကို ဒုတိယအကြိမ် ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် မိုဒရစ်က မိမိတို့အသင်းသည် အောင်နိုင်သူများအဖြစ် ကာတာနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
တတိယနေရာလုပွဲအပြီး၌ အနားယူမည့်အစီအစဉ်နှင့်ပတ်သက်၍ beIN SPORTS က မေး မြန်းခဲ့ရာ ”ကျွန်တော် ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်တုန်းပဲလို့ ခံစားရပါတယ်။ အနည်းဆုံး Nations League ပြိုင်ပွဲအထိ ဆက်ကစားသွားချင်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲအကြောင်း စဉ်းစားဖို့တော့ ကျွန်တော့်ကို အချိန်ပေးပါဦး”ဟု မိုဒရစ်က ပြောကြားခဲ့သည်။
ခရိုအေးရှားအသင်းသည် ၂၀၂၂-၂၃ ရာသီ Nations League ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သောကြောင့် လာမည့်ဇွန်လ၌ နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို နယ်သာလန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်၌ နယ်သာလန်၊ ခရိုအေးရှား၊ စပိန်နှင့် အီတလီတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်အတွက် မဲခွဲပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၂၅)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။
ထို့ကြောင့် မိုဒရစ်အနေဖြင့် ခရိုအေးရှားအသင်းတွင် ၂၀၂၃ ဇွန်လအထိ ဆက်ရှိနေမည့်သဘောဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာမူ ၂၀၂၄ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း ကျင်းပမည်ဖြစ်သည်။
သို့သော် ယင်းပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို ၂၀၂၃ မတ်လတွင် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ရာ မိုဒရစ်အနေဖြင့် အနားမယူသေးပါက ယူရိုခြေစစ်ပွဲများလည်း ဆင်နွှဲရဖွယ်ရှိနေသည်။
မိုဒရစ်အနေဖြင့် ယူရို-၂၀၂၄ ယှဉ်ပြိုင်ခွင့်ရခဲ့ပါက ယူရို(၅)ကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။






