ဆော်ဒီအာရေဗျအစိုးရ၏ ထောက်ပံ့မှု ဖြင့် ဒေါ်လာသန်းပေါင်းများစွာ ချီးမြှင့်နေသည့် LIV Golf ပြိုင်ပွဲကို တုံ့ပြန်သည့်အနေဖြင့် လာမည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ဒေါ်လာသန်း ၄၉၀ ချီးမြှင့်မည်ဖြစ်ကြောင်း PGA Tour က ထုတ်ပြန်ခဲ့သည်။
၂၀၂၂-၂၀၂၃ ရာသီ PGA Tour ဂေါ့ဖ် ပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာမှ လာမည့်နှစ် သြဂုတ်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်စုစု ပေါင်း ၄၄ ပွဲကျင်းပရန် စီစဉ်ထားသည်။ PGA Tour အနေဖြင့် လာမည့်ရာသီတွင် ဆုကြေးစုစုပေါင်း ဒေါ်လာ ၄၉၀ ဒသမ ၁ သန်း ချီးမြှင့်မည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီ တွင် ချီးမြှင့်သည့်ဆုကြေးထက် ဒေါ်လာ ၆၃ ဒသမ ၅ သန်း တိုးမြင့်လာခြင်းဖြစ်သည်။
မာစတာ၊ ပီဂျီအေချန်ပီယံရှစ်၊ ယူအက်စ် အိုးပင်း၊The Open စသည့် မေဂျာပြိုင်ပွဲ လေးခုအတွက် ဒေါ်လာ ၆၁ ဒသမ ၅ သန်းနှင့်FedEx Cup အပါအဝင် အခြားပြိုင်ပွဲများ အတွက် ဒေါ်လာ ၄၂၈ ဒသမ ၆ သန်း ချီးမြှင့်မည်ဖြစ်ပြီး မေဂျာမဟုတ်သည့်ပြိုင်ပွဲများ အတွက် ချီးမြှင့်သည့်ပမာဏမှာ စံချိန်တင်ဖြစ်ကြောင်း သိရသည်။
လာမည့်ရာသီအတွက် ဆုကြေးအများဆုံးပြိုင်ပွဲမှာThe Players Championship ပြိုင်ပွဲဖြစ်ပြီး ဒေါ်လာ ၂၅ သန်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ သို့သော LIV Golf ပြိုင်ပွဲက ၂၀၂၃ ခုနှစ်တွင် ပြိုင်ပွဲ ၁၄ ပွဲအတွက် ဒေါ်လာ ၄၀၅ သန်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။LIV Golf ပြိုင်ပွဲကို ယခုနှစ်တွင် စတင်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲရှစ်ပွဲအတွက် ဒေါ်လာ ၂၅၅ သန်း ချီးမြှင့်မည်ဖြစ်သည်။