ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA ) က ဖွဲ့စည်းမည့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အထူးကော်မတီကို ဘရာဇီးလ်လက်ရွေးစင် ကစားသမား ဗင်နီစီယပ်စ်က ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၂ နှစ်ရှိပြီဖြစ်သူ ရီးယဲလ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ၂၀၂၂-၂၀၂၃ ရာသီ လာလီဂါပြိုင်ပွဲ တွင် ပြိုင်ဘက်အသင်း ပရိသတ်များ၏ ပစ်မှတ်ထား၍ လှောင်ပြောင်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။

ထို့ကြောင့် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေသည့် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) ဥက္ကဋ္ဌ အက်နယ်လ် ဒိုရိုဒရီဂွက်စ်၊ ဗင်နီစီယပ်စ်တို့နှင့် သွားရောက်တွေ့ဆုံခဲ့သည်။
“ဘောလုံးမှာ လူမျိုးရေးခွဲခြားမှု ထပ်ပြီးရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်လာတဲ့အခါ ပွဲစဉ်တွေကို ချက်ချင်းရပ်လိုက်သင့်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ ကစားသမားတွေပါဝင်တဲ့ အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ဗင်နီစီယပ်စ်ကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုကို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်သွားမှာပါ။ နောက်ပိုင်းမှာ အဲဒါကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘောလုံးအာဏာပိုင်အဖွဲ့အစည်းအားလုံးက အကောင်အထည်ဖော်သွားမှာပါ။ ကစားသမားတွေရဲ့အသံကို ကျွန်တော်တို့ နားထောင်ဖို့ လိုပါတယ်။ သူတို့အနေနဲ့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီကိစ္စကို ကျွန်တော်တို့ တကယ်အလေးထားပါတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ လိုအပ်ပါတယ်။ ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုကို ကျွန်တော်တို့ ထပ်ပြီးသည်းခံခွင့်လွှတ်နေမှာ မဟုတ်ပါဘူး။ FIFA ဥက္ကဋ္ဌအနေနဲ့ ကျွန်တော်နဲ့ ဗင်နီစီယပ်စ်တို့ အဲဒီကိစ္စကို ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးဖို့လိုအပ်တယ်လို့ ခံစားမိပါတယ်” ဟု FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။






