Tuesday, January 13, 2026
spot_img
spot_img

FA ဖလားဆီမီးဖိုင်နယ်တွင် ကိုဗင်ထရီကို ပယ်နယ်တီဖြင့်သာ အနိုင်ရသော်လည်း ရှက်စရာမဟုတ်ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သုံးသပ်

မန်ယူအသင်းအနေဖြင့် FA ဖလား ဆီမီးဖိုင်နယ်တွင် ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းအား ပယ်နယ်တီဖြင့်သာ အနိုင်ရခဲ့သော်လည်း ရှက်စရာမဟုတ်ကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က သုံးသပ်ပြောကြားခဲ့သည်။

ဧပြီ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန်ယူအသင်းအနေဖြင့် တွမ်မီနေး (၂၃ မိနစ်)၊ မက်ဂွိုင်းရား (၄၅+၁ မိနစ်)၊ ဘရူနိုဖာနန်ဒက်စ် (၅၈ မိနစ်)တို့၏ သွင်းဂိုးများဖြင့် (၃)ဂိုးပြတ် ဦးဆောင်ကစားနိုင်ခဲ့သည်။

သို့သော် ၇၁၊ ၇၉၊ ၉၀+၅ မိနစ်တွင် ချေပဂိုးသုံးဂိုး ပြန်လည်ခွင့်ပြုခဲ့ရသလို၊ အချိန်ပိုဒုတိယပိုင်း ၁၂၀+၁ မိနစ်တွင် ကိုဗင်ထရီအသင်း၏ အနိုင်ဂိုးသွင်းယူမှုကို လူကျွံနေကြောင်း VAR က ဆုံးဖြတ်ခဲ့သဖြင့် မန်ယူအသင်း သက်သာခဲ့ရခြင်းဖြစ်သည်။

ပယ်နယ်တီကန်ရာတွင် မန်ယူအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲသို့ နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့သည်။

ယင်းကဲ့သို့ ချန်ပီယံရှစ်အသင်းအား ပယ်နယ်တီဖြင့်သာ အနိုင်ရခြင်းမှာ အရှက်ရစရာဖြစ်စေသလားဟု ပွဲအပြီးတွင် မေးမြန်းမှုအပေါ် အဲရစ်တန်ဟက်ဂ်က ”မဖြစ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုမမြင်ပါဘူး။ တစ်နေ့တာရဲ့ အဆုံးသတ်ချိန်မှာ ဒါက အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေကို မြင်ပါတယ်။ ဒါပေမဲ့ အဲဒါက အရှက်ရစရာ မဟုတ်ပါဘူး။ ဒါက ကြီးမားတဲ့ အောင်မြင်မှုပါ။ ကစားသမားတွေဆီမှာ ခံစားချက်တွေ ရောထွေးနေတာကို မြင်ရတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ (ကိုဗင်ထရီအသင်း) ကို ကစားပွဲထဲ ပြန်လာနိုင်စေဖို့ ခွင့်ပြုပေးခဲ့တယ်။ အဲဒါက လုံးဝ မလိုအပ်ပါ ဘူး။ ခံစားချက်တွေ ရောထွေးနေတယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ (၂)နှစ်အတွင်းမှာ FA ဖလားဗိုလ်လုပွဲကို နှစ်ကြိမ် တက်ရောက်နိုင်တာက အောင်မြင်မှုတစ်ခုပါ။ ပွဲကိုလွှမ်းမိုးထိန်းချုပ်ထားနိုင်ချိန်မှာ (၃-၀) ဂိုးနဲ့ ဦးဆောင်ထားနိုင်ပြီး ကျွန်တော်တို့ အနိုင်ရသင့်ပါတယ်။ မိနစ် (၇၀) ကနေ ပွဲပြီးချိန်အထိ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့တယ်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

မန်ယူအသင်းအနေဖြင့် FA ဖလားဗိုလ်လုပွဲသို့ (၂၂) ကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး အာဆင်နယ်အသင်း၏ (၂၁) ကြိမ်ကိုကျော်ဖြတ်၍ သမိုင်းတစ်လျှောက် အကြိမ်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments