ယာဂန်ကလော့က ဝေဖန်မှုတွေ ခံနေရတဲ့ မန်ယူနိုက်တက်ကို အထင်သေးလိုက်မယ် ဆိုရင် မှားယွင်းသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာ ဖြစ်ပြီး တန်းဟတ်ရဲ့အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံနေရကာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရှုံးကာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရပါတယ်။
ပရီးမီးယားလိဂ် leaders လီဗာပူးဟာ မန်ယူနိုက်တက်ကို ၁၀ မှတ်အသာနဲ့ ဦးဆောင်နေပြီး ပြီးခဲ့တဲ့ရာသီက အန်ဖီးမှာ ၇-၀ နဲ့ နိုင်ထားခဲ့တဲ့ မှတ်တမ်းကလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ကလော့က ဒီလို ထူးခြားဖြစ်စဉ်ဟာ ဒီတစ်ပတ် အန်ဖီးမှာ အိမ်ရှင်ကို ဘာအကူအညီမှ ဖြစ်စေမှာ မဟုတ်ဘူးလို့ ၀န်ခံလိုက်ပါတယ်။

ကလော့က “ကျနော်တို့နဲ့ မကစားမီ သတင်းခေါင်းကြီးတွေမှာ မန်ယူနိုက်တက်ရဲ့ မကောင်းတဲ့ အကြောင်းတွေကိုပဲ ပြောနေကြတာကို ကျနော် လုံး၀ မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီလိုပွဲမျိုးမှာ အရာအားလုံး မှန်ကန်သွားနိုင်လို့ပါ။
ကျနော် ယူနိုက်တက်ကို အနီးကပ် စောင့်ကြည့်နေတာ မဟုတ်တာကြောင့် သူတို့ ဘာပြသနာ ဖြစ်နေသလဲဆိုတာ ကျနော် အတိအကျ မသိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လက အဲရစ်တန်းဟတ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆု ရခဲ့တာကို ကျနော် တွေ့ခဲ့ပါတယ်။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ ပုံစံကောင်း ပြသနေတဲ့ အသင်းဆိုတာ ကျနော် တွေ့နေရပါတယ်။ ဒ့ါကြောင့် ဘယ်လို လုပ်ပြီး သူတို့ အားလုံး မှားယွင်းနေသလို ပြောနေတာလဲ? ကျနော် ဒါကို လုံး၀ နားလည်လို့ မရပါဘူး။

ပြီးခဲ့တဲ့ရာသီက 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ဆိုတာ ကျနော်တို့ သိထားခဲ့ပြီးသားပါ။ ဒါဟာ တစ်သက်မှာ တစ်ကြိမ်သာ ဖြစ်တက်တဲ့ ရလဒ်ပါ။ အကယ်၍ ဒါဟာ တစ်စုံတစ်ယောက်ကို အကူအညီ ဖြစ်စေမယ် ဆိုရင် 7-0 နဲ့ ရှုံးခဲ့တဲ့ အသင်းကိုပဲ ဖြစ်မှာပါ။ 7-0 နဲ့ နိုင်ခဲ့တဲ့ အသင်းကို မဟုတ်ပါဘူး။
ဒါတွေ အားလုံးကို ခေါင်းထဲကနေ ထုတ်ထားလိုက်ပါ။ လီဗာပူးရဲ့ သမိုင်း၀င် ပြိုင်ဘက်ကို အန်ဖီးမှာ အကောင်းဆုံး ကစားသွားဖို့ပဲ လုပ်ပါ။ ဒါကသာ စပယ်ရှယ်ပွဲကို ဖြစ်စေမှာပါ။ အခြေအနေကို တကယ် နားလည်ပြီး အစွမ်းကုန် ပေးဆပ် ကစားပါ။ ကျနော် လိုချင်တာ ဒါတွေပါပဲ။” လို့ ဆိုလိုက်ပါတယ်။






