2022-23 ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြီးဆုံးသွားတာ သိပ်မကြာသေးပေမယ့် လာမယ့် နှစ်အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ဇယား က မကြာခင် ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ် ။ 2023-24 ပရီးမီးယားလိဂ် ပွဲစဥ်(၁) ကို ဩဂုတ်လ ၁၂ ရက်နေ့ ၊ စနေနေ့မှာ စတင် ယှဉ်ပြိုင် ကစားသွားမှာပါ ။
လာမယ့် ဘောလုံးရာသီ ဟာ သုံးနှစ်ဆက် ချန်ပီယံ မန်စီးတီး အသင်း အတွက်တော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် လေးနှစ်ဆက် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိနေတဲ့ နှစ်လည်း ဖြစ်ပါတယ် ။ ချန်ပီယံရှစ် ကနေ တန်းတက်လာတဲ့ ဘန်လေ ၊ ရှက်ဖီးယူနိုက်တက် နှင့် လူတန်တောင်းတို့ ဘယ်လောက်အထိ လုပ်ပြနိုင်ကြမလဲ စောင့်ကြည့်ရမယ့်နှစ်ဆိုလည်း မှန်ပါတယ် ။

2023-24 ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ဇယား တွေကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့ ( မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ မိနစ် ၃၀ ) မှာ တရားဝင် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ် ။ ပွဲ ၃၈၀ စလုံး ကစားမယ့် နေ့ရက်နှင့် အချိန်ဇယား ကို တပါတည်း ကြေညာ သွားမှာပါ ။ ဒါပေမယ့် ပွဲချိန်တွေကတော့ ပြည်တွင်း ပြိုင်ပွဲ ၊ ဥရောပပြိုင်ပွဲ နှင့် ရုပ်သံလိုင်း တွေ အပေါ် မူတည်ပြီး အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ် ။
ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်ကတော့ ၂၀၁၉-၂၀ ခုနှစ်မှာ စတင် မိတ်ဆက် ခဲ့တဲ့ mid-season break ဟာ လာမယ့်နှစ် ဇန်နဝါရီ လ ၁၂ ရက်ကနေ ၂၀ ရက်နေ့ အထိ ဖြစ်ကြောင်း ကြေညာ ထားပါတယ် ။ Mid-season break ဟာ ကိုဗစ်-၁၉ နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြောင့် အခု အချိန် အထိ တစ်ကြိမ်ပဲ အကောင်အထည် ဖော်ရပါသေးတယ် ။

အာဖရိက နိုင်ငံများဖလားက ဇန်နဝါရီ ၁၃ ကနေ ဖေဖော်ဝါရီ ၁၁ အထိ ကျင်းမှာ ဖြစ်ပြီး mid-season break ထားပေးခြင်းကြောင့် နိုင်ငံ ကိုယ်စားပြု ကစားမယ့် အာဖရိက ကစားသမားတွေအနေနဲ့ ကလပ် အသင်းရဲ့ ပွဲအနည်းငယ်ကိုသာ လွဲချော်တော့မှာ ဖြစ်ပါတယ် ။
ယူရို ၂၀၂၄ နှင့် ကိုပါ အမေရိက ဖလား ၂၀၂၄ ပြိုင်ပွဲ နှစ်ခုစလုံးဟာ ဇွန်လ ၁၄ ရက်နေ့မှာ စတင် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ဟာ ကစားသမားတွေ ကလပ် နှင့် နိုင်ငံပွဲတွေကြား နားရက်ပိုရအောင် မေလ ၁၉ ရက်နေ့တွင် ၂၃-၂၄ ဘောလုံးရာသီကို ပြီးဆုံးအောင် ကစားသွားမှာပါ ။






