Tuesday, October 28, 2025
spot_img
spot_img

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးစုစုပေါင်း (၁၂၄၆)ဂိုးရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်ခဲ့

တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့သော ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ သွင်းဂိုးစုစုပေါင်း (၁၂၄၆)ဂိုးရှိခဲ့သည့်အတွက် ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၏နောက်ဆုံးပွဲစဉ်(၃၈)တွင် သွင်းဂိုးစုစုပေါင်း (၃၇)ဂိုးရှိခဲ့ပြီးနောက် တစ်ရာသီလုံးတွင် စုစုပေါင်းသွင်း ဂိုး(၁၂၄၆)ဂိုးရှိသွားခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယခင်က သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ပထမဆုံးရာသီဖြစ်သည့် ၁၉၉၂-၉၃ ရာသီဖြစ်ပြီး စုစုပေါင်း (၁၂၂၂)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါရာသီ၌ ပြိုင်ပွဲဝင်အသင်းပေါင်း(၂၂)သင်း ပါဝင်သည့်အတွက် တစ်ရာသီလုံးတွင် (၄၆၂)ပွဲ ရှိခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးကျင်းပသည့် (၃)ရာသီ၌ ပြိုင်ပွဲဝင်အသင်း(၂၂)သင်းစီရှိခဲ့ပြီး ၁၉၉၅-၉၆ ရာသီမှစ၍ လက်ရှိအချိန်အထိ ပြိုင်ပွဲဝင်အသင်း (၂၀)ဖြင့် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်း (၂၀) ယှဉ်ပြိုင်သည့်ကာလ၌ တစ်ရာသီလျှင် ပွဲပေါင်း (၃၈၀) သာရှိသည်။ ယင်းအတွက် တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်းအရဆိုပါက ၁၉၉၂-၉၃ ရာသီမှာ ဂိုးအရေအတွက်အများဆုံးအဖြစ်သာ စံချိန်တင်ထားနိုင်ခဲ့ပြီး ယခုရာသီမတိုင်မီ ဂိုးသွင်းနှုန်းအကောင်းဆုံးအဖြစ် စံချိန်တင်ထားသည့်ရာသီမှာ ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီဖြစ်သည်။ ၂၀၂၂-၂၃ ရာသီတွင် စုစုပေါင်း(၁၀၈၄)ဂိုး သွင်းယူခဲ့သည့်အတွက် ပြိုင်ပွဲဝင်အသင်း(၂၀)ဖြင့် ပွဲပေါင်း (၃၈၀) ယှဉ်ပြိုင်ရသည့်ကာလတွင် ဂိုးသွင်းအများဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခု ၂၀၂၃-၂၄ ရာသီမှာမူ ပွဲပေါင်း(၄၆၂)ပွဲ ယှဉ်ပြိုင်ခဲ့စဉ်က ဂိုးအရေအတွက်ကိုပါ ကျော်ဖြတ်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ဝုလ်ဗ်နှင့်ပွဲ၌ လီဗာပူးလ်နောက်ခံလူ ကွမ်ဆာ သွင်းယူခဲ့သည့်ဂိုးမှာ ယခုရာသီအတွက် (၁၂၂၃)ဂိုးမြောက်ဖြစ်သည့်အတွက် ၁၉၉၂-၉၃ ရာသီက သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်သည့်ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ယခုရာသီ၏ စုစုပေါင်းသွင်းဂိုးအရေအတွက်မှာ (၁၂၄၆)ဂိုးဖြစ်သည့်အတွက် တစ်ပွဲပျမ်းမျှ(၃.၂၈)ဂိုးနှုန်း သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်း (၃)ဂိုးအထက် ရောက်ရှိသည့် ပထမဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ မန်စီးတီးအသင်းက (၉၆)ဂိုးဖြင့် အများဆုံးသွင်းယူခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးမှ ရှက်ဖီးယူနိုက်တက်အသင်းက ပေးဂိုး (၁၀၄)ဂိုးဖြင့် ပေးဂိုးအများဆုံးဖြစ်ခဲ့သည်။ သွင်းဂိုးအနည်းဆုံးအဖြစ်လည်း ရှက်ဖီးယူနိုက်တက်ကပင် (၃၅)ဂိုးဖြင့် ရပ်တည်ခဲ့ပြီး ပေးဂိုးအနည်းဆုံးအသင်းအဖြစ် အာဆင်နယ်အသင်းက (၂၉)ဂိုးဖြင့် ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက ယခုရာသီတွင် ထိပ်သီးအသင်းများထဲမှ အာဆင်နယ်၊ လီဗာပူးလ်နှင့် စပါးတို့သာ ပေးဂိုးများ လျော့ကျခဲ့ပြီး ချန်ပီယံ မန်စီးတီးအပါအဝင် မန်ယူ၊ ချယ်လ်ဆီး၊ နယူးကာဆယ်တို့  ပေးဂိုးများ မြင့်တက်ခဲ့သည့်အတွက် ယခုကဲ့သို့ သွင်းဂိုးအရေအတွက်နှင့် ဂိုးသွင်းနှုန်း စံချိန်တင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments