PSG အသင်း ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် ၂၀၂၂-၂၀၂၃ ရာသီတွင် ဝင်ငွေစုစုပေါင်း ဒေါ်လာ ၁၂၈ သန်းရရှိ နိုင်ပြီး ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာကျော် အမေရိကန်စီးပွားရေး မဂ္ဂဇင်းဖြစ်သည့် Forbes က သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ (၂၃ နှစ်) သည် မေလအတွင်း PSG အသင်းနှင့်ချုပ်ဆိုခဲ့သည့် သုံးနှစ်သက်တမ်းတိုး စာချုပ်ကြောင့် တစ်နှစ်လစာ ဒေါ်လာ ၁၀၅ သန်းအထိရရှိနေပြီး ကြော်ငြာနှင့် စပွန်ဆာဝင်ငွေများအပါအဝင် စုစုပေါင်း ဒေါ်လာ ၁၂၈ သန်းအထိရရှိနိုင်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။

သို့ဖြစ်ရာ ဘာပေအနေဖြင့် ဝင်ငွေအကောင်းဆုံးစာရင်းတွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ ဆယ်စုနှစ်တစ်ခုနီးပါး လွှမ်းမိုးထားမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။ ဘာပေ၏ PSG အသင်းဖော် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ဒေါ်လာသန်း ၁၂၀ ဖြင့် ဒုတိယ၊ မန်ယူအသင်း၏ ပေါ်တူဂီလက်ရွေးစင်အသင်း ခေါင်းဆောင် စီရော်နယ်လ်ဒိုက ဒေါ်လာသန်း ၁၀၀ ဖြင့် တတိယနေရာရပ်တည်နေပြီး တစ်ရာသီအတွင်း ဒေါ်လာသန်း ၁၀၀ အထက် ရရှိသည့် ကစားသမားများအဖြစ် ရပ်တည်နိုင်ခဲ့သည်။

PSG အသင်းတိုက်စစ်မှူး နေမာက ဒေါ်လာ ၈၇ သန်း၊ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာက ဒေါ်လာ ၅၃ သန်း၊ မန်စီးတီးအသင်းတိုက်စစ်မှူး ဟော်လန်းက ဒေါ်လာ ၃၉ သန်း၊ ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ဒေါ်လာ ၃၅ သန်း၊ ရီးယဲလ်အသင်းတောင်ပံကစားသမား ဟာဇက်က ဒေါ်လာ ၃၁ သန်း၊ ဗစ်ဆဲလ်ကိုဘီအသင်းကွင်းလယ်လူ အင်နီယေစတာက ဒေါ်လာသန်း ၃၀၊ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက ဒေါ်လာ ၂၉ သန်းရရှိနေပြီး ထိပ်ဆုံးကစားသမား ၁၀ ဦး၏ ဝင်ငွေ စုစုပေါင်းမှာ ဒေါ်လာ ၆၅၂ သန်းရှိကြောင်း သိရသည်။