ONE Championship အဖွဲ့ အစည်းသည် မြန်မာ MMA ဖိုက်တာများဖြစ်သည့် အောင်လအန်ဆန်ပွဲစဉ်ပါဝင်သည့် ONE 163 ပြိုင်ပွဲနှင့် ထီရယ်လ်ထန်ပွဲစဉ်ပါဝင်သည့် ONE 164 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ONE 163 ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်ကာ အပိုင်းနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အပိုင်း- ၁ ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းခြောက်ပွဲ ပါဝင်မည်ဖြစ်သည်။ အပိုင်း -၂ ကို မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်ပွဲစဉ်မှာ အပိုင်း -၂ မှ ပါဝင်မည်ဖြစ်သည်။ အပိုင်း- ၂ တွင် တွဲဆိုင်းခြောက်ပွဲပါဝင်မည် ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား အိုကာမီတို့တွဲဆိုင်းကို ပုံမှန်စိန်ခေါ်ပွဲအဖြစ်သာ ထည့်သွင်းထားကာ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် Main Event အဖြစ် ကစ်ဘောက်ဆင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဂျပန်နိုင်ငံသား အကီမိုတိုနှင့် ထိုင်းနိုင်ငံသား ပတ်ချာတာနွန်၊ Co Main Event အဖြစ် ကစ်ဘောက် ဆင်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် ယူကရိန်းနိုင်ငံသား ရိုမန်နှင့် အီရန်နိုင်ငံသား အီရာ့ဂျ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE 164 ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Mall of Asia Arena တွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၀ ပွဲ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကိုလည်း အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ပြီး အပိုင်း-၁ ကို မြန်မာစံတော်ချိန် ညနေ ၅ နာရီ၊ အပိုင်း-၂ ကို မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ အပိုင်းတစ်ခုစီတွင် တွဲဆိုင်းငါးပွဲစီပါဝင်မည်ဖြစ်ပြီး မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန်၏တွဲဆိုင်းကို အပိုင်း- ၂ ပထမဆုံးပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ ထီရယ်လ်ထန်သည် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံသား ဂျီရီမီပက်ကီတီနှင့် ထိုးသတ်ရမည်ဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် Main Event အဖြစ် Straw ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ပက်ဆီယိုနှင့် အမေရိကန်နိုင်ငံသားဘရော့ခ်၊ Co Main Event အဖြစ် မွေထိုင်းဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ထိုင်းနိုင်ငံသား ဆူပါလတ်ခ်နှင့် ထိုင်းနိုင်ငံသား ပန်ပါရတ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ်အဖြစ် ယခင်က သတင်းထွက်ပေါ်ခဲ့သည့် ဂျပန်နိုင်ငံသား အိုကာမီနှင့် ထိုးသတ်ရမည်ဖြစ်သည်။ အောင်လ အန်ဆန်သည် ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဆုများ လက်လွှတ်ခဲ့ရပြီးနောက် စိန်ခေါ်ပွဲနှစ်ပွဲ ထိုးသတ်ထားပြီး ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုကို အနိုင်ရသော်လည်း ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်သဖြင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံဆုစိန်ခေါ်ခွင့် ဆုံးရှုံးကာ စိန်ခေါ်ပွဲများသာ ပြန်လည်ထိုးသတ်နေရခြင်းဖြစ်သည်။

ထီရယ်လ်ထန်မှာမူ ONE Championship အဖွဲ့ အစည်းနှင့် ၂၀၁၉ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး လာမည့်ပွဲမှာ ခြောက်ပွဲမြောက် ထိုးသတ်ရမည့်ပွဲလည်းဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship က စီစဉ်သည့် ပြိုင်ပွဲများတွင် ငါးပွဲထိုးသတ်ထားရာလေးပွဲ အရှုံးအနိုင်ပေါ်ပြီး တစ်ပွဲမှာမူ ပွဲဖျက်သိမ်းခဲ့ရသည်။ ယခုနှစ် ဖေဖော်ဝါရီက အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနှင့် ထိုးသတ်သည့်ပွဲတွင် ထီရယ်လ်ထန်သည် ပထမအချီ၌ တားမြစ်ထားသည့်နေရာအား ထိုးသတ်မိသဖြင့် ပွဲမပြီးခင် ရပ်နားခဲ့ခြင်းဖြစ်ပြီး ကျန်လေးပွဲတွင်မူ သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။