အေစီမီလန်အသင်းဥက္ကဋ္ဌဖြစ်သူ ပေါ်လ်လိုစကာရိုနီက အသင်း၏နည်းပြ ဖြစ်သူပီအိုလီအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်ရှိမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
အသက် (၅၈)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ စတီဖာနိုပီအိုလီသည် ယခုနှစ်အစောပိုင်းကတည်းက အေစီမီလန်အသင်းနှင့် အနာဂတ်မရေရာသည့်သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်တွင်အုပ် စုအဆင့်မှထွက်ခွာခဲ့ရခြင်းကြောင့်လည်း ပရိသတ်များ၏ ဝေဖန်မှုကိုခံနေရသူဖြစ်သည်။

ထို့ကြောင့် ပီအိုလီအနေဖြင့် ယခုရာသီကုန်တွင် အေစီမီလန်အသင်း နှင့် လမ်းခွဲဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြပြီး ယင်းသတင်းများအပေါ် အသင်းဥက္ကဋ္ဌ စကာရိုနီက ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်သည်။
စကာရိုနီက “ကျွန်တော်အမြဲတမ်းပြောနိုင်တာကတော့ သူ (ပီအိုလီ)ဟာ အေစီမီလန်မှာ ဆက်ရှိမယ်ဆိုတာပါပဲ။ ကျွန်တော့်အနေနဲ့ ပီအိုလီကိုကြိုက်နှစ်သက်ပါတယ်။ သူဟာနှစ်လိုဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ အားလုံးသူ့ကိုချစ်ခင်ကြပါတယ်” ဟု ဆိုခဲ့သည်။






