လီဗာပူးကို ၇-၀ နဲ့ရှုံးခဲ့ရတာကနေ ပြန်ရုန်းထွက် နိုင်ဖို့ အကောင်းဆုံးလူထုတ်မှုကို တန်းဟက်က ပြုလုပ်ခဲ့တယ်လို့ ဆိုရမယ်။ ခံစစ်မှာ ဗာရန်းနဲ့ မာတီနက်ဇ် ခံစစ်အစွန်နေရာမှာ လုခ်ရှောနဲ့ ဒါးလော့ ကွင်းလယ်ခံစစ်နေရာမှာ ဖရက်ဒ်နဲ့ ကာဆီမီရိုတို့ကစားခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်အဖြစ် ဖာနန်ဒက်စ် ရက်ရှ်ဖို့နဲ့ အန်ထော်နီတို့ကိုသုံးပြီး တိုက်စစ်မြှားဦးနေရာမှာ ဝက်ဟော့စ်ကို ကစားစေခဲ့ပါတယ်။

မန်ယူမန်နေဂျာတန်းဟက်က လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲက လူစာရင်းကို အံ့အားသင့်ဖွယ်အပြောင်းအလဲမလုပ်ဘဲ ကစားစေခဲ့ပါတယ်။ လီဗာပူးပွဲမှာမရှုမလှရှုံးနိမ့်ခဲ့တဲ့ ကစားသမားတွေကို အမှားပြင်ဆင်ခွင့်ပေးတာလားဆိုပြီး မီဒီယာတွေက ရေးပါတယ်။
မန်ယူတို့က ပွဲစကတည်းက ဖိအားပေးကစားခဲ့ပါတယ်။ ပထမပိုင်း ၄ မိနစ်မှာ ဘက်တစ်ဂိုးပိုက်ထဲကိုဘောလုံးရောက်အောင်လုပ်နိုင်ခဲ့ပေမယ့် လူကျွံတယ်ဆိုပြီး မန်ယူတို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၆ မိနစ်မှာတော့ ရက်ရှ်ဖို့က မန်ယူအတွက်တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ဒီနှစ်ဘောလုံးရာသီမှာ ရက်ရှ်ဖို့အတွက် ၂၆ ဂိုးမြောက်သွင်းဂိုးဖြစ်ပါတယ်။

မန်ယူက ဘက်တစ်ဘက်ကိုဆက်လက်ဖိအားပေးထားခဲ့ပါတယ်။ ဒါပေမယ့် ဧည့်သည်အသင်းက တဖြည်းဖြည်းပြန်လည်အရှိန်ရလာပြီး ပွဲချိန် မိနစ် ၂၀ ကျော်မှာ မန်ယူဘက်ကို ပြန်လည်ထိုးဖောက် လာတာတွေရှိလာပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ အန်ထော်နီရဲ့ဖြတ်တင်ဘောက တဆင့် ဝက်ဟော့စ်က ဂိုးသွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။
ပွဲချိန် ၃၂ မိနစ်မှာတော့ ဘက်တစ်အသင်းတိုက်စစ်မှူးပီရက်ဇ်က ချေပဂိုးကိုသွင်းပေးနိုင်ခဲ့ပါတယ်။ လက်စတာကနေ အငှားနဲ့လာကစားနေတဲ့ စပိန်တိုက်စစ်မှူးက ဂိုးအောက်ဘက်ထောင့်ကို အနိမ့်ဘော ကန်သွင်းသွားတာဖြစ်ပါတယ်။ မန်ယူက ပွဲအစမှာ ဖိအားပေးထားပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ဧည့်သည်အသင်းရဲ့ ဖိအားဒဏ်ကိုခံလာရပါတယ်။ ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေပါတယ်။

ဒုတိယပိုင်းပြန်အစမှာ ညာအစွန်ခံစစ်မှူး ဒါးလော့အစားဝမ်ဘစ်ဆာကာ ဝင်ကစားပါတယ်။ ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ အန်ထော်နီက မန်ယူအတွက် တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပေးပို့လိုက်တဲ့ဘောလုံးကို ဘယ်ခြေနဲ့ လှပစွာကန်သွင်းသွားခဲ့တာဖြစ်ပါတယ်
ပွဲချိန် ၅၇ မိနစ်မှာ မန်ယူတို့ တတိယဂိုးရရှိခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဝေဖန်ခံခဲ့ရတဲ့ ဖာနန်ဒက်စ်သွင်းခဲ့တာပါ။ လုခ်ရှောရဲ့ ထောင့်ကန်ဘောကို မန်ယူအသင်းခေါင်းဆောင်က ခေါင်းတိုက်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ မန်ယူတို့ ၄ ဂိုးမြောက်သွင်းဂိုးရရှိဖို့ အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပါတယ်။ မန်ယူ တိုက်စစ်ကစားသမား အန်ထော်နီခြေထောက်ထဲကို ဘောလုံးရသွားပြီး ဘက်တစ်ဂိုးသမားတစ်ဦးကို သာကျော်ဖြတ်ဖို့ရှိပါတော့တယ်။ အန်ထော်နီက ဘယ်ဘက်မှာရှိတဲ့အသင်းဖော်ကို ဘောလုံးပေးရင် လွယ်လွယ်နဲ့ ဂိုးရနိုင်မှာ ဖြစ်ပေမယ့် ကိုယ်တိုင်ကန်သွင်းဖို့ ဆုံးဖြတ်ပြီး ဂိုးသမားအပေါ်ကျော်ကန်သွင်းရာမှာ ဂိုးမရဖြစ်ခဲ့ရတာပါ။ ဒုတိယပိုင်း ၆၅ မိနစ်မှာ မာလာစီးယားနဲ့ ဆန်ချိုတို့က လုခ်ရှောနဲ့ ရက်ရှ်ဖို့အစားဝင်ကစားပါတယ်။

ဒုတိယပိုင်း ၇၅ မိနစ်မှာ ဝက်ဟော့စ်က တစ်ကြိမ် ဒုတိယပိုင်း ၇၈ မိနစ်မှာ အန်ထော်နီက တစ်ကြိမ် ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် မန်ယူတို့ ဂိုးမရဖြစ်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာ မက်တော်မီနေးနဲ့ ပယ်လီစထရီတို့က ဖရက်ဒ်နဲ့အန်ထော်နီအစားဝင်ကစားပါတယ်။
ဝက်ဟော့စ်ဂိုးရသွားပါပြီ ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဝက်ဟော့စ်အတွက် အိုးထရက်ဖို့မှာ ပထမဆုံး မန်ယူအတွက် ဂိုးသွင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ မန်ယူက ဘက်တစ်ကို အိမ်ကွင်းမှာ ၄-၁ နဲ့အနိုင်ရပွဲပြီးသွားပြီဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်တက်ဖို့ တစ်ထစ်နီးစပ်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။
မန်ယူက လီဗာပူးပွဲက အရှုံးကနေပြန်လည်ရုန်းထွက်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘက်တစ်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့သလို မန်ယူတိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ အန်ထော်နီ ဖာနန်ဒက်စ်နဲ့ ဝက်ဟော့စ်တို့လည်း အိုးထရက်ဖို့မှာ ဂိုးရခဲ့ကြပါတယ်။ ပထမအကျော့မှာ ပြတ်ပြတ်သားသားအနိုင်ယူလိုက်နိုင်ပြီးနောက် ဘက်တစ်နဲ့ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာလည်း မန်ယူကပဲ ရေပန်းစားနေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။






